Yangon Water Bus အတွက် မိမိတို့ဘက်မှ အစွမ်းကုန်ကူညီထားဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးပြောကြား

0

Full article

Yangon Water Bus အတွက် မိမိတို့ဘက်မှ အစွမ်းကုန်ကူညီထားဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးမြင့်မှ ၂၀၁၉ သြဂုတ်လ ၂၀ ရက်နေ့တွင်၊ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲ (၇/၂၀၁၉) တွင်ပြောကြားခဲ့သည်။

"Water bus နဲ့ပတ်သက်ပြီးအပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဌာနဆိုင်ရာအပိုင်းနဲ့ နောက်တစ်ပိုင်းက ကုမ္ပဏီဘက်ကဆောင်ရွက်ရမည့်အပိုင်းဆိုပြီး  နှစ်ပိုင်းရှိပါတယ်။ ဌာနဆိုင်ရာနဲ့ပတ်သက်ပြီးပြောရရင်တော့၊ တင့်တင့်မြန်မာကုမ္ပဏီ တင်ဒါအောင်တဲ့အချိန်ကစပြီးကျွန်တော်တို့ပါဝင်ခဲ့ကာ လိုအပ်တာတွေကူညီခဲ့ပါတယ်။ ဥပမာပြောရရင် စစချင်း ဗိုလ်တစ်ထောင်ကနေ အင်းစိန်ဘက်ကို ပြေးဆွဲတဲ့လမ်းကြောင်းတွေမှာလည်း ဆိပ်ကမ်းမြေနေရာတွေရွေးတာတို့၊ jetty ဆောက်မယ့်နေရာတွေရွေးတာတို့ မှာလည်း ကျွန်တော်တို့ပါဝင်ခဲ့ပါတယ်။ နောက် ဒလဘက်အခြမ်းကိုတိုးချဲ့ပြေးဆွဲချင်ပါတယ်ဆိုတော့လည်း ရေ ၄ ဌာနဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးမှုဦးစီးဌာနတို့ဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ jetty နေရာရွေးတာတွေ၊ တံတားဆောက်ဖို့နေရာရွေးတာတွေမှာ ကျွန်တော်တို့အနေနဲ့ အကြံဉာဏ်တွေပေးခဲ့ရပါတယ်။ ဘယ်နေရာကတော့ အဆင်းအတက်အဆင်ပြေတယ်၊ ဘယ်နေရာကတော့ ကားဂိတ်နဲ့နီးတယ်ဆိုပြီး အကြံပြုခဲ့ရပါတယ်။ ကျန်နေတာကတော့ ပုဇွန်တောင်ချောင်းနဲ့ ငမိုးရိပ်ချောင်းပြေးဆွဲမယ့်ကိစ္စပေါ့။ အဲဒီမှာလည်း ရွေးထားတဲ့နေရာတွေရှိပါတယ်။ ကုမ္ပဏီဘက်က နေရာဆက်ရှာချင်သေးတယ်ဆိုရင်လည်း ကျွန်တော်တို့ ရေ ၄ ဌာန ကပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါ။ ဌာနတွေဘက်ကတော့ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင်ကူညီဆောင်ရွက်နေပါတယ်။ အခုကျွန်တော်တို့ဘက်က မြေနေရာတွေကို ယာယီရွေးပေးထားပါတယ်။ အဲ့ဒီနေရာတွေကို ကုမ္ပဏီဘက်က နှစ်သက်လား၊ မနှစ်သက်ဘူးလား ဆိုတာတွေ၊ jetty ဆောက်မှာတွေ၊ ခရီးသည်နားနေဆောင်ဆောက်တာတွေကတော့ ကုမ္ပဏီဘက်ကဆောင်ရွက်ရမည့်ကိစ္စတွေပါ"

ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးမြင့်မှပြောကြားခဲ့သည်။

တင့်တင့်မြန်မာကုမ္ပဏီအနေဖြင့် ဆိပ်ကမ်းများလျှောက်ထားခဲ့ရာတွင်  အင်းစိန်-ကြည့်မြင်တိုင်-ရွှေပိတောက်နားတွင်သာလုံလောက်သောနေရာရခဲ့ပြီး ကျန်နေရာများတွင် လုံလောက်သောနေရာမရခဲ့ကြောင်း၊ ငမိုးရိပ်ချောင်းတွင်ပြေးဆွဲရန်အတွက် ၁၁ နေရာသတ်မှတ်ထားပြီး၊ အဆိုပါနေရာများသည် လုံလောက်သောနေရာများဖြစ်ရန်လိုအပ်ကြောင်း၊ အဆိုပါနေရာများရရှိမှသာ Water bus ကိုရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း၊ သန်လျင်ဘက်အခြမ်းတွင် နေရာရသော်လည်း ကျူးကျော်နေအိမ်များ၊ အမှိုက်ပုံများ၊ ရေထဲကျနေသောသံချောင်းများ၊ တံတားများကို သက်ဆိုင်ရာဌာနများမှဖယ်ရှားပေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း Yangon water bus ၏ Chairman/CEO ဒေါ်တင့်တင့်လွင်မှ ပြောကြားထားခဲ့သည်။

Author