အဆင့်မြှင့်တင်ထားသော ကားမှတ်တိုင်များတွင် ဈေးဆိုင်ငယ်များဖွင့်ပြီး လူမှုအကျိုးပြုအဖွဲ့အစည်းများ၊ လူမှုဖွံ့ဖြိုးမှုအဖွဲ့အစည်းများထံ ထောက်ပံ့ပေးအပ်သွားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လျာထား

0

Full article

အဆင့်မြှင့်တင်ထားသော ကားမှတ်တိုင်များတွင် ဈေးဆိုင်ငယ်များဖွင့်ပြီး ၎င်းတို့ကို လူမှုအကျိုးပြုအဖွဲ့အစည်းများ၊ လူမှုဖွံ့ဖြိုးမှုအဖွဲ့အစည်းများထံ ထောက်ပံ့ပေးအပ်သွားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လျာထားညွှန်ကြားခဲ့ကြောင်း၊ ၂၀၁၉ သြဂုတ်လ၂၁ ရက်နေ့တွင်ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲ (၇/၂၀၁၉ ) တွင် YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

"ဒါလေးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့လိုလားချက်လေးပါ။ ဒီအချက်ကို ဝန်ကြီးချုပ်က အစည်းအဝေးတိုင်းမှာလမ်းညွှန်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မှတ်တိုင်စစ်ဆေးရေးအဖွဲ့ကဆောင်ရွက်ရမယ်လို့သတ်မှတ်ပေးထားတဲ့အချက်ဖြစ်နေလို့တင်ပြရတာပါ။ အဆင့်မြှင့်တင်ထားတဲ့မှတ်တိုင် နေရာတွေကိုစစ်ဆေးပြီး နေရာရွေးပေးပါ။ နေရာရွေးပြီးရင် ဆောက်နိုင်/ မဆောက်နိုင် တင်ပြပါဆိုလို့ ကျွန်တော်ရွေးပေးတဲ့နေရာတွေမှာ ဆောက်နိုင်/မဆောက်နိုင်တင်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဘာကိုရည်ရွယ်သလဲဆိုတော့ ဥပမာ နောက်ဆို payment card စနစ်ကိုသွားမယ်ဆို၊ အဲဒီအခါ card တွေဝယ်တာပဲဖြစ်ဖြစ်၊ prepaid လုပ်တာပဲဖြစ်ဖြစ်၊ ခရီးသွားပြည်သူလူထုတွေ ပိုမိုအဆင်ပြေဖို့အတွက် ဝန်ကြီးချုပ်က လျာထားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဆိုင်လေးတွေကို  လူမှုအဖွဲ့အစည်းတွေ၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အထောက်အပံ့ပြုဖို့အတွက် ဝန်ကြီးချုပ်က လျာထားပြီးညွှန်ကြားခဲ့ပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ YCDC ကဆက်လက်ဆောင်ရွက်သွားမှာပါ။ " ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


ရန်ကုန်မြို့ရှိ ကားမှတ်တိုင်များတွင်  ငါးပေပတ်လည်အကျယ်အဝန်းရှိမည့် ဈေးဆိုင်များကို တည်ဆောက်ငှားရမ်းသွားမည်ဖြစ်ပြီး၊ အဆိုပါဆိုင်ခန်းများကိုကြက်ခြေနီ၊ ကင်းထောက်နှင့် လူမှုပရဟိတအဖွဲ့များသို့ ပေးအပ်ရန် လျာထားကြောင်း ၂၀၁၉ သြဂုတ်လ ၁၉ ရက်နေ့တွင်ကျင်းပခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှပြောကြားခဲ့သည်။

Author