Smart Card များကို စက်တင်ဘာလကုန်တွင် YBS ယာဉ်မောင်းများအားလုံးထံသို့ ထုတ်ပေးသွားနိုင်မည်ဟုဆို

0

Full article

ယာဉ်မောင်း smart card များကို စက်တင်ဘာလကုန်တွင် YBS ယာဉ်မောင်းများအားလုံးထံသို့ ထုတ်ပေးသွားနိုင်မည်ဟု မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်မှ ပြောကြားခဲ့သည်။

“ယာဉ်မောင်း smart card လျှောက်တဲ့အခါ ယာဉ်မောင်းတွေရဲ့ ယာဉ်မောင်းလိုင်စင်နဲ့အချက်အလက်တွေကို သက်ဆိုင်ရာကုမ္ပဏီ ဒါမှမဟုတ် တာဝန်ခံယာဉ်လိုင်းကနေ စုစည်းပေးပြီး YRTA ကိုလာရောက်လျှောက်ထားပါတယ်။ ဒါတွေကိုရလာတဲ့အခါ သူတို့ရဲ့ ယာဉ်မောင်းလိုင်စင်တွေကို မှန်ကန်မှု ရှိ/မရှိ ကညန မှာ တိုက်ဆိုင်စစ်ဆေးပါတယ်။ အဲဒီအထိတော့အဆင်ပြေတယ်။ ကဒ်ကလည်း ဒီကပဲထုတ်ပေးတာဖြစ်တဲ့အတွက် ယာဉ်မောင်းရဲ့အချက်အလက်တွေကို ကဒ်ထဲထည့်ပါတယ်။ အဓိကအချက်က ကဒ်ပြားထုတ်ပေးတဲ့အခါ လျှောက်ထားတဲ့ကုမ္ပဏီကိုပြန်ခေါ်ရတာပါပဲ။ ယာဉ်မောင်းတစ်ယောက်ဟာ အခုဒီကုမ္ပဏီမှာမောင်းနေပေမဲ့ ခဏနေအခြားကုမ္ပဏီကို ပြောင်းချင်ပြောင်းသွားတတ်တာပါ။ အဲဒီ ယာဉ်မောင်းကို ကုမ္ပဏီမှန်ကန်မှု ရှိ/မရှိ ပြန်တိုက်စစ်ရပါတယ်။ ပြီးတော့မှ အချောသတ်ကဒ်ထုတ်ပေးရတာပါ။ ဘယ်တော့ပြီးမှာလဲဆိုရင်တော့ စက်တင်ဘာလကုန်လောက်မှာ အားလုံးအပြီးသတ် ထုတ်ပေးနိုင်ပါလိမ့်မယ်။” ဟု YRTA မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်မှ ပြောကြားခဲ့သည်။

ယာဉ်မောင်း smart card များကို ယာဉ်မောင်း ၅,၂၅၉ ဦး လျှောက်ထားခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဗန္ဓုလယာဉ်လိုင်းသို့ စတင်ထုတ်ပေးခဲ့ကာ လက်ရှိအချိန်ထိ ယာဉ်မောင်း smart card စုစုပေါင်း ၃,၂၄၄ ဦးသို့ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ YRTA အနေဖြင့် YBS ယာဉ်များကို ခေတ်မီနည်းပညာဖြင့်ထိန်းချုပ်ဆောင်ရွက်သွားရန်ကြိုးစားနေပြီး လက်ရှိတွင်လည်း YBS ယာဉ်များတွင် Telematics စနစ်များတပ်ဆင်ထားကာ YBO (Yangon Bus Operator) မှတစ်ဆင့်ထိန်းချုပ်လျက်ရှိနေပြီး ယာဉ်မောင်း smart card များအားလုံးထုတ်ပေးပြီးပါက မည်သည့်ယာဉ်မောင်းသည် မည်သည့်ယာဉ်လိုင်း၊ မည်သည့်ကားပေါ်တွင်မောင်းနှင်နေကြောင်း အချိန်နှင့်တစ်ပြေးညီ သိနိုင်တော့မည်ဖြစ်သည့်အတွက် ယာဉ်မောင်းများကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author