YBS ၉၄ ယာဉ်လိုင်းပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်းကို ယာယီလမ်းကြောင်းလွှဲ ပြေးဆွဲပေးလျက်ရှိ

0

Full article

YBS ၉၄ ယာဉ်လိုင်းပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်းကို လမ်းပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် ယာယီလမ်းလွှဲသတ်မှတ်ပြီး ပြေးဆွဲပေးလျက်ရှိသည်ဟုသိရသည်။

YBS ၉၄ ယာဉ်လိုင်း၏ ခရီးစဉ်လမ်းကြောင်းတစ်နေရာဖြစ်သည့် ဟံသာဝတီကွေ့၌ လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသောကြောင့်  ဟံသာဝတီကွေ့သို့ချိုးကွေ့ရာတွင် အခက်အခဲများရှိနေသည့်အတွက် ယာယီလမ်းကြောင်းလွှဲသတ်မှတ်ပြီး ပြေးဆွဲနေခြင်းဖြစ်ကာ ထိုယာယီလမ်းကြောင်းသည် ရွာမကွေ့တွင် လက်ယာဘက်သို့ချိုးကွေ့ကာ ဘုရင့်နောင်ကမ်းနားလမ်းမှတစ်ဆင့် ဆင်မလိုက်လမ်းဆုံ၊ သုံးထောင်ကွေ့မှတ်တိုင်မှတစ်ဆင့် ဟံသာဝတီလမ်းအတိုင်းမောင်းနှင်ကာ မူလလမ်းကြောင်းပေါ်ရှိ ဟံသာဝတီမှတ်တိုင်သို့ရောက်ရှိမည်ဖြစ်သည်။ အဆိုပါယာယီလမ်းလွှဲ၌ သွားလာနေစဉ်အတွင်း ယခင်မူလခရီးစဉ်လမ်းကြောင်းပေါ်ရှိ ဆိုက်ကားဂိတ်၊ ဘီအာဘီ၊ ခိုင်ရွှေဝါ၊ ပြည်ရိပ်မွန်နှင့် ရဲဝင်း အစရှိသောမှတ်တိုင်များကို ဖြတ်သန်းရောက်ရှိမည်မဟုတ်ဘဲ ယာယီလမ်းလွှဲပေါ်ရှိ ရေကြောင်း၊ သဘောၤကျင်းနှင့် သုံးထောင်ကွေ့အစရှိသောမှတ်တိုင်များကိုသာ ဖြတ်သန်းရောက်ရှိမည်ဖြစ်သည်။

ထိုယာယီလမ်းကြောင်းသည် ရွာမကွေ့မှတ်တိုင်နှင့် ဟံသာဝတီမှတ်တိုင်အကြားရှိ ခရီးစဉ်လမ်းကြောင်းများကိုသာ ယာယီလမ်းလွှဲပြေးဆွဲပေးခြင်းဖြစ်ပြီး လမ်းပြုပြင်ရေးလုပ်ငန်းများပြီးစီးပါက မူလခရီးစဉ်လမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကာ ရန်ကုန်မြို့ တိုင်းဒေသကြီးတွင် ခရီးသည်ပို့ဆောင်ရေး YBS ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်ရှိပြီး ယာဉ်အစီးရေ ၄,၅ဝဝ ကျော်ဖြင့် ဝင်ရောက်ပြေးဆွဲနေလျက်ရှိကြောင်းသိရသည်။

Reporter : မောင်သိန်းဝင်း

Author