ကွန်တိန်နာ ကုန်တင်ယာဉ်များ ကုန်စည်စီးဆင်းမှု အနေအထားအရ သွားလာရန်သတ်မှတ်ထားသည့် အချိန်ထက် ဖြေလျှော့ပေးထားဟုဆို

0

Full article

ကွန်တိန်နာ ကုန်တင်ယာဉ်များကို ည ၉ နာရီမှ မနက် ၆ နာရီကြားသာ သွားလာရန်သတ်မှတ်ထားသော်လည်း ကုန်စည်စီးဆင်းမှုအနေအထားအရ ဖြေလျှော့ပေးရမှုများရှိနေကြောင်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင်ကျင်းပခဲ့သော YRTA မီဒီယာတွေ့ဆုံပွဲ (၇/၂၀၁၉) တွင် YRTA အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးအေးအောင်မှ ပြောကြားခဲ့သည်။

“ကွန်တိန်နာယာဉ်တွေ သွားလာမှုနဲ့ပတ်သက်လို့ အချိန်ကန့်သတ်ထားတာရှိပေမဲ့ ကုန်စည်စီးဆင်းမှုအခြေအနေအပေါ်မူတည်ပြီး အချို့အပိုင်းလေးတွေမှာ အနည်းငယ် ဖြေလျှော့ပေးခဲ့ရတာလေးတွေရှိပါတယ်။ နေ့ခင်းပိုင်း တစ်ပိုင်းလုံးပိတ်လိုက်တဲ့အချိန်တွေမှာ ကုန်စည်တွေအနေနဲ့ ဆိပ်ခံတံတားတွေမှာ များစွာ အခက်အခဲဖြစ်ပေါ်ခဲ့ပါတယ်။ ကုန်စည်တွေ သင်္ဘောပေါ်ရောက်ရမည့်အချိန်၊ အရေးပေါ်ပို့ရမည့်အခြေအနေတွေမှာ လုပ်ငန်းရှင်တွေအတွက် များစွာအခက်အခဲဖြစ်ပေါ်ရပါတယ်။ ဒီလိုအခက်အခဲတွေကိုဖြေရှင်းပေးဖို့ YRTA နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဆီကို တင်ပြလာပါတယ်။ အဲဒီလိုတင်ပြလာတဲ့အတွက် မူလ ည ၉ နာရီကနေ စသွားခွင့်ပြုထားသော်လည်း အခု ည ၈ နာရီကနေ စသွားလို့ရတယ်ဆိုပြီး ဆောင်ရွက်ခဲ့တဲ့အနေအထားရှိပါတယ်။ နေ့လယ်ပိုင်းကတော့ သီးခြားအနေနဲ့ ကုန်စည်စီးဆင်းမှုအတွက်လိုအပ်တဲ့အခြေအနေ၊ မဖြစ်မနေပို့ရမည့် အထူးအခြေအနေတွေမှာ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးထံမှာ တင်ပြပြီး နေ့လည် ၁၁ နာရီကနေပြီးတော့ ညနေ ၃ နာရီကြားမှာ ယာယီဖြေလျှော့တဲ့အနေနဲ့ သွားလာခွင့်ပေးထားပါတယ်။ ဒါကြောင့် ကွန်တိန်နာယာဉ်တွေ နေ့လည်ပိုင်းသွားလာနေတယ်ဆိုတာ ကုန်စည်စီးဆင်းမှု အနေအထားအရ ယာယီ ဖြေလျှော့တဲ့အနေနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီရဲ့ တိုက်ရိုက်ထိန်းကျောင်းမှုနဲ့ သွားလာနေကြတာပါလို့ ပြောချင်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူ ဦးအေးအောင်မှ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော ကုန်တင်ယဉ်ပေါင်း ၅၈,၆၀၀ စီး ရှိနေပြီး အဆိုပါ ကုန်တင်ယာဉ်များကို YRTA၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ ဆိပ်ကမ်းအာဏာပိုင်တို့မှ ပေါင်းစပ်ကာ ယာဉ်များကိုစစ်ဆေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

Author