မြို့ပတ်ကျိုက္ကလဲ့ ဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာအထိ လမ်းပိုင်းပြင်ဆင်မည်ဖြစ်၍ ရထားပြေးဆွဲမှုကို ယာယီရပ်နားထားမည်

0

Full article

ရန်ကုန် မြို့ပတ်ရထားလမ်းကြောင်းဖြစ်သော ကျိုက္ကလဲ့ဘူတာမှ ပုရွက်ဆိတ်ကုန်း ဘူတာ အထိ ယခုလ ၂၁ ရက်ကစ၍ ရထားလမ်းပိုင်း အဆင့်မြင့်ပြင်ဆင်မှုများ ပြုလုပ်မှာဖြစ်၍ ရထားပြေးဆွဲမှုကို ယာယီရပ်နားထားရမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ မြို့ပတ်ရထားလမ်းကြောင်း အစုန်-အဆန်လမ်းပိုင်းများကို အဆင့်မြင့်တင်ပြင်ဆင်နေချိန်တွင် ခရီးသွားလာသူပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရန် YBS ၉၂ ယာဉ်လိုင်း ၊ YBS ၁၈ ယာဉ်လိုင်း ၊ YBS ၆၄ ယာဉ်လိုင်း များဖြင့်အစားထိုးပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရသည်။

"မြို့ပတ်ရထားလမ်းပိုင်းတွေကို ယခုလ ၂၁ ရက်မှာ မင်္ဂလာဒုံကနေပြီးတော့ ပုရွက်ဆိတ်ကုန်းဘူတာအထိ ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင် ပြင်ဆင်မှု လုပ်မယ်။ ဒီလိုရထားလမ်းပိုင်းတွေ လုပ်တဲ့အချိန်မှာ ခရီးသွားပြည်သူတွေသွားလာရ အဆင်ပြေဖို့ နီးစပ်ရာနေရာတွေမှာ YBS ယာဉ်လိုင်းတွေ အစားထိုးပြေးဆွဲပေးသွားမယ်။ YBS ၉၂ ယာဉ်လိုင်း ၊ YBS ၁၈ ယာဉ်လိုင်း ၊ YBS ၆၄ ယာဉ်လိုင်းတွေကို ပြေးဆွဲပေးမှာပါ။ယာဉ်စီးခကို ငွေကျပ် ၁ဝဝ နဲ့ကောက်ခံဖို့ ဖြတ်ပိုင်းလုပ်ထားပါတယ် ။ ဒါတွေအားလုံးကို ဘူတာတွေမှာရော ကားဂိတ်တွေမှာရော အားလုံးကို အသိပေးထားမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောကြားသည်။

YBS ၁၈ ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲရာ၌ ဝေဘာဂီဘူတာ မှ ၆ ကွေ့အထိ ငွေကျပ် ၁ဝဝ ၊ ၆ ကွေ့မှ စံပြဈေးအထိ ငွေကျပ် ၁ဝဝ ၊ စံပြဈေးမှ ရွှေဗဟိုဆေးရုံရှေ့အထိ ငွေကျပ် ၁ဝဝ ၊ ၉၂ ယာဉ်လိုင်းအတွက်မူ ထောက်ကြန့်မှ အမှတ် (၃) လမ်းစုံ အထိ ငွေကျပ် ၁ဝဝ ၊ အမှတ်(၃) လမ်းစုံမှ ပုရွက်ဆိတ်ကုန်းအထိ ငွေကျပ် ၁ဝဝ ၊ ပုရွက်ဆိတ်ကုန်း မှ မြောက်ဥက္ကလာအဝိုင်းအထိ ငွေကျပ် ၁ဝဝ ၊ မြောက်ဥက္ကလာ အဝိုင်းမှ ဇဝန အထိ ငွေကျပ် ၁ဝဝ တို့ဖြင့် ကောက်ခံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"မြို့ပတ်ရထားလမ်းပိုင်းကတော့ အရင်တုန်းက ၁၅၃ စီး၊ ဆင်ခြေဖုံးလမ်းပိုင်းမှာတော့ ၆၈ စီးရှိပြီးတော့ စုစုပေါင်း ၂၂၁ စီးပြေးဆွဲနေပါတယ် ။ စီမံကိန်းကာလစတင်ဆောင်ရွက်ချိန်မှာ စုစုပေါင်း မြို့ပတ်ရထားမှာ ၁၇၃ စီး ဖြစ်ပြီးတော့ ဆင်ခြေဖုံးက ၆၈ စီးနဲ့ဆိုတော့ စုစုပေါင်း ၁၄၁ စီးဖြစ်တဲ့ အတွက် အစီး ၂ဝ တော့ ပိုလာမှာဖြစ်ပါတယ်။ ခရီးရှည်သွားနေတဲ့ မြို့ပတ်ရထားတွေက လျော့နည်း သွားမှာဖြစ်ပြီးတော့ ခရီးအတိုလေးတွေ များလာမှာဖြစ်ပါတယ်။ အချိန်ကတော့ ပြောင်းလဲမှုရှိပါတယ်"ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Public Transportation

Author