တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် ကျောင်းမှားရောက်လာသည့်ကျောင်းသား ၃ ဦးအား အချိန်မီစာမေးပွဲခန်းပို့ဆောင်ပေးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ကျပ်တစ်သိန်းစီဆုချီးမြှင့်ခဲ့

0

Full article

မတ်လ ၆ ရက်နေ့က စတင်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် စာမေးပွဲဖြေရန်ကျောင်းမှားရောက်လာသည့် ကျောင်းသား ၃ ဦးအား အချိန်မီ ဖြေဆိုရမည့်စာမေးပွဲခန်းသို့ ပို့ဆောင်ပေးသည့်ယာဉ်ထိန်းရဲနှစ်ဦးအား ကျောင်းသားမိဘတစ်ဦးက ကျပ်တစ်သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်း ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မတ်လ ၆ ရက်နေ့တွင် စတင်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် စာမေးပွဲဖြေဆိုချိန်တွင် အချိန်မီဖြေဆိုနိုင်ရေးအတွက် မီးတန်းယာဉ်များ၊ မီးတန်းဆိုင်ကယ်များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် မြန်မာစာဘာသာဖြေဆိုရန်အတွက် အ.ထ.က (၂) ကြည့်မြင့်တိုင် ကျောင်း၌ စာမေးပွဲဖြေဆိုရမည့် ကျောင်းသားတစ်ဦးက အ.ထ.က (၂) စမ်းချောင်း ကျောင်းထံ မှားယွင်းရောက်ရှိခဲ့ပြီး စာမေးပွဲဖြေဆိုရန် အချိန်ငါးမိနစ်လောက်သာကျန်ရှိချိန်၌ မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့ဝင်များက မီးတန်းဆိုင်ကယ်နှင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

ထိုကဲ့သို့ စာမေးပွဲဖြေဆိုရန် ကျောင်းမှားရောက်ရှိလာသော ကျောင်းသားများမှာ စမ်းချောင်း အ.ထ.က (၂) မှ ကျောင်းသား ၁ ဦးနှင့် ကြည့်မြင်တိုင် အ.ထ.က (၂) မှ ကျောင်းသူ ၂ ဦးတို့ဖြစ်ကြသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စာမေးပွဲဖြေဆိုချိန် အချိန်မီ ပို့ဆောင်ပေးသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအား ပဲခူးမြို့မှတဆင့်လာရောက်ဖြေဆိုနေသည့် ကျောင်းသားတစ်ဦး၏ ဖခင်၊ ပဲခူးမြို့နေ ဦးရဲမင်းထွေး၊ မန်နေဂျင်းဒါရိုက်တာ၊ Wood Htwe Trading Co., Ltd. မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ဦးအား ဂုဏ်ပြုဆုငွေ တစ်သိန်းကျပ်စီ ဂုဏ်ပြုချီးမြှင့်ခဲ့ရာ ဂုဏ်ပြုချီးမြှင့်ငွေအား အလှူရှင်ကိုယ်စား အမှတ် ၇ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးအောင်မြင့်မှ တပ်ဖွဲ့ဝင်နှစ်ဦးအား ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Author