ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုအား control centre နှင့် ချိတ်ဆက်ပြီး ၂ ရက်ကြာတစ်ပြိုင်နက်တည်း စမ်းသပ်မည်

0

Full article

Zawgyi Versioin

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုအား ယာဉ်သွားလာမှုထိန်းချုပ်ရေး control centre နှင့် ချိတ်ဆက်၍ ၂ ရက်ကြာ တစ်ပြိုင်နက်တည်း စမ်းသပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ အသိပေးနှိုးဆော်ထားသည်။

အဆိုပါ ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုအား မေလ (၈) နေ့ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁ဝ နာရီအထိနှင့် နေ့လည် ၃ နာရီမှ ညနေ ၇ နာရီအထိ၊ မေလ (၉) ရက်နေ့တွင် နံနက် ၇နာရီမှ နံနက် ၁ဝ နာရီအထိ နှင့် နေ့လည် ၃ နာရီမှ ညနေ ၇ နာရီအထိ ယာဉ်သွားလာမှု အချက်ပြမီးပွိုင့်များအား တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မည်ဖြစ်၍ ထိုဖော်ပြပါအချိန်များတွင် မီးပွိုင့်အား ဖြတ်သန်းမောင်းနှင်ကြမည့် မော်တော်ယာဉ်များသည် ဂရုတစိုက်မောင်းနှင်ကြပါရန် အသိပေးနိုးဆော်ထားသည်။

"ရန်ကုန်မြို့ယာဉ်သွားလာမှုတွေကို control centre စနစ်နဲ့ ချိတ်ဆက်ပြီး အချက်ပြမီးပွိုင့် ၁၅၁ ခုကို ၂ ရက်ကြာ စမ်းသပ်တာတွေ လုပ်သွားမှာပါ။ စက်တင်ဘာလကစပြီး control centre နဲ့ပတ်သက်တဲ့ လိုအပ်တာတွေကို ပြုပြင်နေပါတယ်။ ရန်ကုန်မှာ အချက်ပြမီးပွိုင့် ၁၅၄ ခုရှိပြီး အဝိုင်းပတ်စနစ်တွေကိုတော့ စမ်းသပ်တာ မပါပါဘူး။" ဟု ရန်ကုန်တိုင်းအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်သွားလာမှုများကို ဗဟိုထိန်းချုပ်ရေး control centre လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ အကြီးဆုံး CRCC ကုမ္ပဏီနှင့် မြန်မာရွှေယင် ကုမ္ပဏီတို့မှ ယခင်အစိုးရအဖွဲ့နှင့် စာချုပ် ချုပ်ဆိုထားရှိပြီး မော်တော်ယာဉ်များသွားလာမှုများကို ဗဟိုထိန်းချုပ်ရေးစနစ်ဖြင့် တိုက်ရိုက်ထိန်းချုပ်စောင့်ကြည့်မည့် control centre စနစ်အား ရန်ကုန်မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) ဖြင့်အကောင်အထည်ဖော်မှုကို စီမံကိန်းကာလသတ်မှတ်ချက်အရ ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟု သတ်မှတ်ထားရှိပြီးဖြစ်သည်။ ရန်ကုန်မြို့ရှိ ယာဉ်သွားလာမှုအချက်ပြစနစ် ခေတ်မီမီးပွိုင့် ၁၅၄ ခုကို control centre မှ တစ်ဆင့် မြန်မာရွှေယင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ခေတ်မီမီးပွိုင့်များ ထိန်းချုပ်ရေးစင်တာကို ပြည်သူ့ရင်ပြင်ရှိ နက္ခတ်တာရာပြခန်းအနီးတွင် တည်ဆောက်ခဲ့ကြောင်းသိရသည်။

Author