Traffic control centre စမ်းသပ်ရာ၌ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြောင့် စတင်စမ်းသပ်သည့် မနက်ပိုင်းတွင် အခက်အခဲတွေ့ခဲ့သော်လည်း နောက်အကြိမ်စမ်းသပ်မှုများတွင် အဆင်ပြေခဲ့ဟုဆို

0

Full article

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅၁ ခုကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင်  စတင်လည်ပတ်စမ်းသပ်ခဲ့ရာ မနက်ပိုင်းတွင် လျှပ်စစ်ဓါတ်အားပျက်တောက်ခဲ့မှုကြောင့် ယာဉ်ကြောများအနည်းငယ် ကျပ်တည်းပိတ်ဆို့ခဲ့သော်လည်း ထိုနေ့ညနေပိုင်းနှင့် နောက်တစ်နေ့၊ မေလ ၉ ရက်နေ့တွင် စမ်းသပ်မှုများ အဆင်ပြေချောမွေ့ခဲ့ကြောင်း မီးပွိုင့်များတွင်တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအရာရှိများထံမှ သိရသည်။

"စ စမ်းတဲ့မနက်ပိုင်းကတော့ စမ်းနေရင်းနဲ့မီးပျက်သွားတဲ့အတွက် နည်းနည်းတော့အခက်တွေ့ခဲ့တာပေါ့။ မီးပျက်လို့ ယာဉ်ကြောတွေပိုကျပ်သွားခဲ့တယ်ဆိုပေမယ့် ဒီလိုမနက်ပိုင်းအချိန်တွေဆိုတာ ယာဉ်အသွားအလာများတဲ့အချိန်ဆိုတော့ လမ်းတွေပိတ်နေတာက ပုံမှန်လိုပါပဲ။ ဒါပေမယ့် ညနေပိုင်းနဲ့ နောက်နေ့စမ်းသပ်မှုတွေမှာတော့ အဆင်ပြေခဲ့ပါတယ်။" ဟု ပြည်လမ်းပေါ်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် မီးပွိုင့်များတွင် အရံမီးစက်များထားသော်လည်း ဘက်ထရီများကို လဲပေးစေလိုကြောင်းလည်း ပြောဆိုခဲ့ကြသည်။

"အခုမီးပွိုင့်တွေမှာ အရန်မီးစက်တွေ ထားတယ်ဆိုပေမယ့် မီးပွိုင့်တိုင်းမှာ ထားပေးထားတာမဟုတ်ဘူး။ အရေးကြီးတဲ့ ပွိုင့်တွေလောက်မှာပဲ အမြဲတမ်းထားပြီး ကျန်တဲ့ပွိုင့်တွေမှာတော့ ဘက်ထရီအားကုန်လို့ ပိတ်သွားပြီဆိုမှ ပြေးယူရတာ။ ဘက်ထရီကောင်းရင် နှစ်နာရီခွဲ၊ သုံးနာရီလောက်ခံပေမယ့် ဘက်ထရီတွေက သက်တမ်းကြာပြီဆိုတော့ အားကမခံတော့ဘူး။ တချို့ပွိုင့်တွေမှာဆို မီးပျက်ပြီး စက္ကန့်ပိုင်းအတွင်း ပိတ်သွားတာမျိုးတောင်ရှိတယ်။ ဘက်ထရီတွေကိုတော့ လဲပေးစေချင်ပါတယ်။" ဟု မီးပွိုင့်များတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းအရာရှိများက ပြောဆိုခဲ့သည်။

လတ်တလောတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မီးပွိုင့်များ၌ ဘက်ထရီအဟောင်းများကို အသစ်များနှင့် လဲလှယ်ပေးနေကြောင်းသိရသည်။

Reporter: Zing

Author

Comments