Full article

ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့် ၁၅ဝ ကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)'မှ သတင်း ရရှိသည်။Traffic-Sensor

ယာဉ်ကြောကျပ်တည်းမှု ရှိနေသည့် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကြံပေးမှုဖြင့် ဆင်ဆာ စနစ်သုံးမီးပွိုင့် စမ်းသပ်တပ်ဆင်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှု ထက်ဝက်ခန့် ဖြေလျှော့နိုင်သည့် အတွက် မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်၌ အဆိုပါ မီးပွိုင့်ဆင်ဆာစနစ်များ ပြောင်းလဲ တပ်ဆင်သွားမည်ဟု သိရသည်။ "ဆင်ဆာစနစ်က ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်နေမှုအပေါ် အချက်ပြ ထိန်းချုပ်ပေးတာပေါ့၊ လက်ရှိ ရန်ကုန်မြို့တွင်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ကျပ်တည်းမှုက စီမံခန့်ခွဲမှုနဲ့ အချက်ပြစနစ် ထိန်းချုပ်ဖို့ လိုအပ်လို့ ဖြစ်ရတာ၊ ဒါကြောင့် နည်းအမျိုးမျိုးနဲ့ အကုန်လုံးကို တစ်ပြိုင်နက် ဆောင်ရွက်နေတယ်၊ မီးပွိုင့်တိုင်းမှာ ချိန်ကိုက်ထားတဲ့ ဆင်ဆာစနစ်သုံး မီးပွိုင့်တွေ တပ်ဆင်မယ်"ဟု အင်ဂျင်နီယာဌာန (လမ်း /တံတား) ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ဆင်ဆာစနစ်သုံး မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးပါရှိပြီး ရှေ့၊ နောက် ယာဉ်ကြောအတွက် စက္ကန့် ၉ဝ နှင့် ဘေးနှစ်ဖက် ယာဉ်ကြောအတွက် ၄၅ စက္ကန့်ဖြင့် ပုံမှန်ထိန်းချုပ်လျက်ရှိကာ ယာဉ်လမ်းကြောင်း အလိုက်ယာဉ်ကြော ကျပ်တည်းမှု အပေါ် မူတည်၍လည်း လမ်းကြောင်း အလိုအလျောက် ထိန်းချုပ်မှုရှိကြောင်း သိရသည်။ မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်တွင် တပ်ဆင်မည့် ဆင်ဆာစနစ်သုံး မီးပွိုင့်များ၏တန်ဖိုး များပြားသည့် အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါမီးပွိုင့်များ တပ်ဆင်ရန်အတွက် လက်ရှိ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Ref: Auto mobile

Author