Toyota မှ ကားထုတ်လုပ်သည့် စက်ရုံတည်ဆောက်မည်ဖြစ်သော်လည်း အနိမ့်ကားဟောင်းဈေးကွက် မထိခိုက်နိုင်ဟု သုံးသပ်ပြောဆိုနေကြ

0

Full article

Toyota မှ ကားထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မည်ဖြစ်သော်လည်း အနိမ့်ကားဟောင်းဈေးကွက် ထိခိုက်မှု မရှိနိုင်ကြောင်း မော်တော်ကားအရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် ရောင်းအားအကောင်းဆုံး ဂျပန်မော်တာကော်ပရေးရှင်းဖြစ်သည့် Toyota Motor Corp. မှာ မြန်မာနိုင်ငံတွင် မော်တော်ကားစက်ရုံ တည်ဆောက်ရန်အတွက် စီစဉ်လျက်ရှိကြောင်း NHK သတင်းဌာနမှ မေလ ၂၆ ရက်နေ့သတင်းတွင် ရေးသားထားရှိရာ မော်တော်ကားစက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို ယခုနှစ်အတွင်း သန်လျင်မြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုံတွင် pickup trucks များအပါအဝင် Toyota ၏ထုတ်ကုန်များကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားဖွယ်ရှိကြောင်း ဖော်ပြထားရှိသည်။

"Toyota က မြန်မာနိုင်ငံမှာ ကားထုတ်လုပ်တဲ့စက်ရုံလာတော့မယ်လို့ သတင်းထွက်လာတယ်။ ထုတ်လုပ်မယ့်ကားက pickup ကားအမျိုးအစားကို SKD စနစ်နဲ့တပ်ဆင်ထုတ်လုပ်မယ်လို့ကြေညာထားတယ်။ Pickup ဖြစ်တဲ့အတွက် ကားသစ်ကတော့ ကားသစ်ဈေးနဲ့ပဲရောင်းလို့ရမှာပါ။ သိန်း ၂ဝဝ ပတ်ချာလည်လောက် အရောင်းအဝယ်သွက်နေတဲ့ လက်ရှိကားဟောင်းဈေးကွက်ကိုတော့ ထိခိုက်သွားဖို့မရှိဘူး။ ကားစက်ရုံတစ်ခု တည်ဆောက်တယ်ဆိုတာကလည်း အခြေခံလုပ်ရမယ့်ဟာတွေ အများကြီးရှိတယ်။ အနည်းဆုံး ၂ နှစ်လောက်ကြာနိုင်တယ်။ ထုတ်လုပ်မယ့်ကား အမျိုးအစားနဲ့ အရည်အသွေးပိုင်းက လူတန်းစားတစ်စုဝယ်စီးနိုင်တယ်ဆိုမှ ကားဈေးကွက်ကို ဖောက်လို့ရမှာပါ။ အခုလက်ရှိ ဈေးမတရားတက်နေတဲ့ သိန်း ၂ဝဝ အောက် ကားဟောင်းဈေးကွက်ကို ကားသစ်တစ်စီးက ယှဉ်ရောင်းဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။ အပြင်မှာသတင်းထွက်နေလို့ ကားဈေးကွက်ကျဖို့ဆိုရင် ဂျပန်ကားဟောင်းကို ပြန်သွင်းခွင့်ပေးမှပဲ ဖြစ်နိုင်မယ်။" ဟု ယာဉ်ရောင်းဝယ်ရေးစခန်းတွင် နှစ်အတော်ကြာ ကားအရောင်းအဝယ်ပြုလုပ်နေသူ ဦးအောင်ဇော်က သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာ ကုမ္ပဏီလီမီတက် (Toyota Myanmar Co., Ltd, TMY) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစား မော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Mr. Yoshihisa Tonozuka မှ ဆက်လက်ပြောကြားထားရှိခဲ့သည်။ တိုယိုတာမြန်မာ (TMY) စက်ရုံအား သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည်ဖြစ်ရာ ရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၂.၆ သန်း ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး လုပ်သားအင်အား ၁၃ဝ ခန့်ဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ကုန်ထုတ်လုပ်ငန်းများကိုလည်း ၂ဝ၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် Toyota Hilux စီးရေ ၂,၅ဝဝ အား SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Toyota မှ အသိပေးကြေညာထားရှိသည်။

Author