မြန်မာနိုင်ငံမှာ စက်ရုံလာရောက်တည်ဆောက်တော့မယ့် Toyota

0

Full article

မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဂျပန် မော်တာ ကော်ပရေးရှင်းဖြစ်တဲ့ Toyota Motor Corp. ဟာ မြန်မာနိုင်ငံမှာ မော်တော်ကားစက်ရုံ တည်ဆောက်ဖို့အတွက် စီစဉ်လျက်ရှိတယ်ဆိုပြီး NHK  က မေလ ၂၆ ရက်နေ့ (ယနေ့) သတင်းမှာ ဆိုလိုက်ပါတယ်။

တရားဝင်ကြေညာချက်ကတော့ မကြာမီထွက်ရှိလာဖွယ်ရှိပြီး စက်ရုံ တည်ဆောက်ရေးလုပ်ငန်းတွေကတော့ ယခုနှစ်အတွင်းမှာပဲ စတင်သွားဖွယ်ရာရှိနေတာပါ။
The Japan News ရဲ့အဆိုအရတော့ Toyota မော်တော်ကားစက်ရုံရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ တည်နေရာကတော့ သန်လျင်မြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုံမှာဖြစ်ပြီး pickup trucks တွေအပါအဝင် Toyota ရဲ့ ထုတ်ကုန်တွေကို SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ တပ်ဆင်မယ့်အစိတ်အပိုင်းတွေကို ဂျပန်နဲ့ မြန်မာနိုင်ငံရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ပို့ဆောင်ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဟာ တောင်ကိုရီးယားနဲ့ စပိန်တို့လိုပဲ လူဦးရေ သန်း ၅ဝ ဝန်းကျင်ခန့်ရှိတဲ့နိုင်ငံတစ်နိုင်ငံပါ။ မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှအသက်အရွယ်ဟာ ၂၇.၉ သာနှစ်ရှိတဲ့အတွက် ငယ်ရွယ်တဲ့နိုင်ငံတစ်နိုင်ငံလို့လည်း ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံလို့ဆိုနိုင်ပေမယ့် လက်တလော စီးပွားရေးတိုးတက်မှုနှုန်း အားကောင်းလျက်ရှိပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိရှိလာနိုင်မယ်ဆိုပြီး မျှော်လင့်စရာရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
Toyota အနေနဲ့ကတော့ မော်တော်ယာဉ် ၂,ဝဝဝ ခန့် နှစ်စဉ် မြန်မာနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ကြည့်ရတာတော့ အားကောင်းတဲ့ တိုးတက်မှု အလားအလာတွေကို Toyota ကနေ ကြိုတင်တွက်ချက်မိထားပုံပါပဲ။
Toyota ရဲ့ မြန်မာနိုင်ငံမှာ စက်ရုံလာရောက်တည်ဆောက်မယ့် ဆုံးဖြတ်ချက်ဟာ လူဦးရေ သန်း ၅ဝ ခန့်ရှိတဲ့နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမယ့် အလားအလာတွေကို Toyota က မျှော်လင့်ထားတာကြောင့်ဖြစ်နိုင်သလို မြန်မာအစိုးရရဲ့ ပြင်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားအားထုတ်မှုကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပုံရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပျမ်းမျှအသက် ငယ်ရွယ်မှုနဲ့ လူဦးရေပမာဏဟာ စီးပွားရေးအရ ဆက်လက်တိုးတက်ကြီးမားလာဖို့ပဲ ရှိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

Ref: Toyota to build factory in Myanmar by The Yomiuri Shimbun

Toyota to build assembly plant in Myanmar by NHK

Author