2019 Tokyo Motor Show တွင်ပြသခဲ့သည့် အနာဂတ်မော်တော်ယာဉ်များအတွက် Toyota ၏ တိုးတက်ခေတ်ရှေ့ပြေးမှုများ

0

Full article

“Mobility for All" ဟူသည့် ဒဿနအရ ကမ္ဘာ့အဆင့်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Toyota သည် မိမိကိုယ်ကိုယ်ပုံစံသစ်ပြန်လည်ဖေါ်ဆောင်၍ တိုးတက်လာမှုများကို 2019 Tokyo Motor Show တွင်ပြသခြင်းအားဖြင့် ခိုင်ခိုင်မာမာကြေညာလိုက်သည်။ Toyota မှ အကြီးတန်းအမှုဆောင်များ၏ ပြောကြားချက်များ၊ ထုတ်ကုန်သစ်လက်တွေ့ပြသရှင်းလင်းမှုများနှင့် ၂၀၂၀ တိုကျို အိုလံပစ်နှင့် မသန်စွမ်းသူများအားကစားပြိုင်ပွဲအတွက် မော်တော်ယာဉ်အစီအစဉ်ကြိုတင်အသိပေးချက်များအပြင် ကုမ္ပဏီသည် ၄င်းတို့၏ အဆင့်မြှင့်တင်ထားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ်အမြင်တို့ကိုလည်း ယခုကျင်းပလျက်ရှိသော Motor Show ၌ ခင်းကျင်းပြသသွားခဲ့သည်။

"အားကစားနဲ့ မော်တော်ယာဉ်ထုတ်လုပ်ခြင်းမှာ တူညီတဲ့နေရာတွေအများကြီးရှိပါတယ်" ဟု Toyota ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Mitsuru Kawai က Motor Show ၏ တရားဝင်ဖွင့်လှစ်ပွဲတွင် ရာနှင့်ချီသော သတင်းသမားများကို ကြိုဆိုရင်းပြောကြားလိုက်သည်။ ဆက်လက်ပြီး ၄င်းက "အားကစားသမားတွေဟာ သန်မာဖို့လိုပါတယ်။ သူတို့ဟာ အမြဲတမ်းတိုးတက်နေဖို့အတွက် နေ့စဉ်လေ့ကျင့်နေဖို့လိုပါတယ်။ ဒါဟာ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် Toyota ရဲ့ အခြေခံစည်းမျဉ်းစည်းကမ်းနည်းလမ်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုကို မျှဝေပေးရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ အမြဲတမ်း ပိုကောင်းတဲ့ကားတွေထုတ်လုပ်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့သန္နိဋ္ဌာန်ပါပဲ" ဟုပြောကြားခဲ့သည်။


Toyota ဟာ ကုမ္ပဏီရဲ့ပြောင်းလဲမှုအစီအစဉ်ကို CES 2018 ကတည်းကကြေညာခဲ့ပြီး ဥက္ကဋ္ဌဖြစ်သူ Akio Toyoda မှလည်း e-Palette mobility-as-a-service စိတ်ကူးစိတ်သန်းကို ထုတ်ဖေါ်ပြောကြားခဲ့သည်။ ထို့အပြင် လွတ်လပ်စွာရွေ့လျားသွားလာရေးကို ထပ်တိုးမြှင့်တင်ခြင်းအားဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုပုံစံသစ်အပေါ်တွင်လည်း အထူးအာရုံစိုက်ထားသည်ဟုဆို၏။ အဆိုပါပြောင်းလဲမှုကြီးသည် ဆက်သွယ်ထားသောကွန်ယက်များ၊ အလိုအလျောက်လုပ်ဆောင်မှုများ၊ ဝန်ဆောင်မှုများမျှဝေခြင်းနှင့် လျှပ်စစ်စွမ်းအင်သုံးအဖြစ်ကူးပြောင်းခြင်း အစရှိသည့် အဓိက အချက်လေးချက်ပေါ်အခြေတည် တည်ဆောက်ထားခြင်းဖြစ်သည်။ ပုံမှန်မော်တော်ယာဉ်တို့၏ အကန့်အသတ်များကိုကျော်လွန်၍ ရွေ့လျားမှုဖြစ်နိုင်ခြေအသစ်များကို ဖွင့်လှစ်သွားမည်ဟုလည်း Toyota မှဆိုသည်။

Toyota ၏ရည်မှန်းချက်အပေါ် ကြိုးစားအားထုတ်ခြင်း၏ တိုးတက်မှုများကို 2019 Tokyo Motor Show တွင် အားလုံးကတွေ့မြင်ကြရမည်ဖြစ်သည်။ အမြဲတမ်းပိုကောင်းလာနေသော အစဉ်အလာ ကား model များအပြင် လျှပ်စစ်စွမ်းအင်သို့ကူးပြောင်းပြီး ခရီးဝေးဝေးသွားနိုင်မည်ဟု ကုမ္ပဏီမှ ကြေညာထားသည့် all-new Yaris ကဲ့သို့ကားများကို Toyota မှနေ၍ တိုကျိုကားပြပွဲ ၂၀၁၉ တွင် ထည့်သွင်းပြသသွားသည်။ ထို့အပြင် ဟိုက်ဒရိုဂျင်ဆဲလ် လျှပ်စစ်နည်းပညာဖြင့်ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်ပိုင်း မှန်ကန်စွာယှဉ်ပြိုင်နိုင်သည့်  မျိုုးဆက်သစ် Mirai ကဲ့သို့သော concept ကားများကိုလည်း ထည့်သွင်းပြသသွားခဲ့သည်။ အဆိုပါကားများသည် မကြာတော့မီနှစ်များအတွင်း ဘက်ထရီထုတ်လုပ်သူများနှင့်ချိတ်ဆက်ထားသည့် ကွန်ယက်များနှင့်အတူ ထွက်ရှိလာတော့မည်ဖြစ်သည်။

"ကမ္ဘာ့အဆင့်မော်တော်ယာဉ်ကုမ္ပဏီတစ်ခုအနေဖြင့် မော်တော်ယာဉ်ကို လျှပ်စစ်စွမ်းအင်သုံးအဖြစ်ကူးပြောင်းရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် အသည်းနှလုံးပါပဲ" ဟု အမှုဆောင် ဒုတိယဥက္ကဋ္ဌဖြစ်သူ Shigeki Terashi မှပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက "မိုင်များများသွားလာနိုင်မယ့် ကျွန်တော်တို့ရဲ့ လျှပ်စစ်ကားတွေဟာ စားသုံးသူတွေရဲ့လိုအပ်ချက်ကို ထိမိနိုင်စေမယ့်အပြင် CO2 ထုတ်လွှတ်မှုကိုလည်း လျှော့ချသွားမှာဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်စွမ်းအင်သုံးကားတွေ ထုတ်လုပ်ရောင်းချဖို့ လျာထားတဲ့ ခက်ခဲတဲ့ရည်မှန်းချက်တွေအပေါ်မှာလည်း ကျွန်တော်တို့ ဂုဏ်ယူလျက်ပါ။ ဒါ့အပြင် ၂၀၅၀ မှာလျာထားတဲ့ လေထုညစ်ညမ်းမှုလျော့ချရေး ရည်မှန်းချက်တွေအတွက်လည်း ခက်ခဲမှာဖြစ်ပေမဲ့ ဂုဏ်ယူစွာအကောင်အထည်ဖေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေဟာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယဉ်တွေအတွက် ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ရောင်ပြန်ဟပ်လျက်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ပြောကြားပြီးအချက်တွေကို ဘယ်လိုအခက်အခဲတွေရှိပါစေ အောင်မြင်ပြီးမြောက် အောင်စွမ်းဆောင်သွားမယ်ဆိုတဲ့ ကတိကဝတ်လည်းဖြစ်ပါတယ်" ဟု ဆက်လက်ပြောကြားသွားခဲ့သည်။

လာမည့်နှစ်တွင် တိုကျိုတွင်ကျင်းပသွားမည့် အိုလံပစ်နှင့် မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် အလိုအလျောက်နှင့် အမြဲတမ်းချိတ်ဆက် ဆက်သွယ်ထားသည့်အပြင် လျှပ်စစ်စွမ်းအင်သို့ကူးပြောင်းထားသည့် powertrain များဖြင့် အောင်မြင်စွာအဆင့်မြှင့်တင်ထားသည့် ကားများကို ပထမဦးဆုံးအကြိမ်အဖြစ် အဓိကစမ်းသပ်မှုများကိုလုပ်ဆောင်သွားမည်ဖြစ်သည်။ Concept တစ်ခုသာမဟုတ်တော့ဘဲ e-Palette သည်ထိုအချိန်တွင် အိုလံပစ်နှင့် မသန်မစွမ်းအားကစားပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲဝန်ထမ်းများအတွက် ရွေးချယ်စရာ လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်မော်တော်ယာဉ်များအဖြစ် ကူညီထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်သည်။

CES 2017 တွင်စတင်၍ Toyota မှ Concept-i အဖြစ် မိတ်ဆက်ပေးခဲ့သော LQ သည် SAE အဆင့် 4 ရှိ မော်တော်ယာဉ်နှင့် ယာဉ်မောင်းသူအပြန်အလှန်ဆက်သွယ်မှုပြုလုပ်နိုင်သည့် AI နည်းပညာနှင့် အလိုအလျောက်မောင်းနှင်မှုတို့ကို ပေါင်းစပ်ပြသသွားခဲ့သည်။ အဆိုပါ တူညီသည့် အဓိက နည်းပညာကို အခြားထုတ်ကုန်များတွင်လည်း ထည့်သွင်းအသုံးပြုသွားမည်ဟုသိရသည်။

Toyota ရဲ့ AI တွေ၊ အလိုအလျောက်လုပ်ဆောင်မှုတွေအတွက် သုတေသနကို ဦးဆောင်နေတဲ့ Toyota Research Institute မှ CEO ဖြစ်သူ Gill Pratt က “Toyota မှာဆိုရင် ကျွန်တော်တို့ဟာ လူသားတွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးတဲ့ နည်းပညာအသစ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါမှုကို နားလည်သဘောပေါက် ပြီးသားပါ။ အစားထိုးရုံတင်မဟုတ်ဘူးနော်။ စက်ရုပ်တွေဟာ ကျွန်တော်တို့ရဲ့အလုပ်တွေအတွက် အကူအညီပေးနိုင်ပါတယ်။ ကားတွေအတွက်လည်း ကျွန်တော်တို့လူသားတွေမောင်းနှင်ရာမှာ ထိခိုက်မှုမဖြစ်အောင်လို့ အကူအညီပေးနိုင်ပါတယ်။ ဒါဟာ ဒီလူမှုနယ်ပယ်အတွင်း တစ်ဦးချင်းစီကို လက်တွေ့အကျိုးရှိစေတာလည်းဖြစ်ပါတယ်။ နည်းပညာဟာ ကျွန်တော်တို့တစ်ဦးချင်းစီကို သိက္ခာရှိရှိနဲ့ သက်သောင့်သက်သာဖြစ်စေဖို့ အကူအညီပေးမှာပါ။ ဒါ့အပြင် ပိုမိုပျော်ရွှင်ပေ့ါပါးစရာကောင်းတဲ့ ခရီးစဉ်တွေကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် နည်းပညာက အကူအညီပေးနိုင်တဲ့ နယ်ပယ်တွေဟာ ပြောလို့မကုန်လောက်အောင်ကို များပြားလှပါတယ်။ ဒါပေမဲ့ပေါင်းစပ်ပြီးပြောရရင်တော့ နည်းပညာဟာ လူသားတွေရဲ့ လိုအင်ဆန္ဒကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ပြီးတည်ဆောက်ထားတာပါ" ဟု ပြောကြားခဲ့သည်။
2019 Tokyo Motor Show တွင် Toyota အတွက် အပိတ်စကားကိုတော့ ဥက္ကဋ္ဌကြီး Akio Toyoda က ပြောကြားခဲ့သည်။ သူက "မော်တော်ယာဉ်ကုမ္ပဏီတစ်ခုအနေနဲ့ Toyota အတွက် ကျွန်တော်တို့ရဲ့အတွေးအမြင်ဘယ်လိုရှိမလဲဆိုတာကို တစ်ချက်လေးဖြစ်ဖြစ် လာရောက်ကြည့်ရှုဖို့အတွက် အားလုံးကို ဖိတ်ကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ ခေတ်ရှေ့ပြေးလှတဲ့ အတွေးအခေါ်တွေအများအပြား ပြသနေတာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ဖေါက်သည်တွေလိုချင်တဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကိုလည်း အချိန်နဲ့တပြေးညီ လုပ်ဆောင်ထုတ်လုပ်လျက်လည်းရှိနေပါသေးတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက်လည်း ရေရှည်တည်တံ့မယ့်ဆက်ဆံရေးနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ကြီးမားတဲ့အကျိုးသက် ရောက်မှုတွေကိုလည်း ဖန်တီးလို့နေပါတယ်။ လာပြီးကြည့်လှည့်ပါ" ဟုဆိုခဲ့လေသည်။

Author