မြန်မာနိုင်ငံဈေးကွက်သို့ ရောက်ရှိလာသည့် Toyota Rush

0

Full article

မြန်မာနိုင်ငံတွင် ယခုနှစ်အပိုင်းအခြားအတွင်း ကားလုပ်ငန်းများက SUV အမျိုးအစားကားသစ်များကို ခပ်စိတ်စိတ် မိတ်ဆက်လာသည်ကို မြင်တွေ့ရပါသည်။ SUV အမျိုးအစား၏ ခံ့ညားမှု၊ အသုံးပြုရာတွင် လွယ်ကူထိရောက်မှုတို့ ကြောင့် တစ်ကိုယ်ရည်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုနှင့် ခရီးသွားရာတွင်ဖြစ်ဖြစ် သင့်တော်သည့် အတွက် ဝယ်ယူသူများပြားလာသောကားအမျိုးအစားဖြစ်ပါသည်။ ယခုအခါတွင် _ Toyota Myanmar_ က ယင်း၏ SUV ကားအမျိုး အစားတစ်ခုဖြစ်သော Rush ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်တော့မည်ဖြစ်သဖြင့် အဆိုပါကားနှင့် သက်ဆိုင်သော သိကောင်းစရာများကို ခြုံငုံသုံးသပ်ဖော်ပြပေးလိုက်ပါသည်။

အပြင်ပိုင်းနှင့် အတွင်းပိုင်း
Toyota Rush ၏ အပြင်ပန်းသည် လှပကျော့ရှင်းပြီး ရှည်လျားကာ တောင့်တင်းခိုင်မာသောကိုယ်ထည်ရှိပါသည်။ အပေါ်ပိုင်းဆန်ခါခွက်မှ ရှေ့မီးခွက်အထိ မီးခိုးရောင်ခရုန်းအပြားခတ်ထားသည့် အစိတ်အပိုင်းကြောင့် ပိုမိုကြွားရွားသည့် ပုံစံထွက်နေပါသည်။ မာကျောကျစ်လစ်သည့် ၁၇ လက်မအရွယ် အလွိုင်းဘီးဒီဇိုင်းကလည်း Rush ၏ ခံ့ညားမှုအပေါ် အားဖြည့်ပေးထားပြီး လျှပ်စစ်ထိန်းချုပ်မှုဖြင့် ခေါက်သိမ်းနိုင်သည့် နောက်ကြည့်မှန်လည်းပါရှိပါသည်။ အတွင်းပို်င်းတွင်တော့ လူ ၇ ယောက်လိုက်ပါစီးနင်းနိုင်ပြီး သက်တောင့်သက်သာရှိသော ထိုင်ခုံများသည် ခေါက်ရ၊ဖြန့်ရလွယ်ကူကာ ပစ္စည်းထည့်သည့် နေရာ ဖန်တီးထားသော နှစ်ထပ်ခေါက်ထိုင်ခုံများ (ဒုတိယတန်းနှင့် တတိယတန်း)လည်းဖြစ်ပါသည်။ ခလုတ်နှိပ်ပြီး ကားစက် ကိုနှိုးနိုင်သော နည်းပညာ၊ သတင်းအချက်အလက်အစုံအလင်ဖော်ပြသည့် ဖန်သားပြင် နှင့်. ရှေ့ခန်းကိုသာမက ကားနောက်ခန်းကိုပါ အေးမြစေသည့် လေအေးပေးစနစ်တပ်ဆင်ထားပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်
Rush ၏ အင်ဂျင်မှာ ၁.၅ လီတာ 2NR-VE အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည် ၇၇ ကီလိုဝက်(ပ်) ကို ထုတ်လုပ်ပေးနိုင်ပါသည်။ အင်ဂျင်အသံမှာ ဆိတ်ငြိမ်ပြီး စီးနင်ရာတွင် သက်တောင့်သက်သာရှိသည့်အပြင် မည်သည့်လမ်းကိုမဆို ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။ ကားအောက်ပိုင်းမှ မြေပြင်အကွာအဝေးမှာ ၂၂ဝ မီလီမီတာရှိသည့်အပြင် ရေထဲတွင် ၆ဝဝ မီလီမီတာ မြှုပ်သည်အထိမောင်းနှင်နိုင်ပြီး ၅.၂ မီတာ အချင်းဝက်အထိ ကွေ့နိုင်သည့်အတွက် လမ်းကြမ်း (off road) များပေါ်တွင် ကောင်းစွာ မောင်းနှင်နိုင်သည့် ကားတစ်စီးဖြစ်ပါသည်။ အမြန်နှုန်း ၄ မျိုးပြောင်းလဲနိုင်သော အလို အလျောက်ဂီယာပါဝင်ပြီး ဆီစားနှုန်းသက်သာသောကားတစ်စီးလည်းဖြစ်ပါသည်။

လုံခြုံရေးစနစ်

Rush တွင် ကားရှေ့ခန်းနှင့် နောက်ခန်း ဘေးပတ်ပတ်လည်တွင် လေအိတ် ၆ လုံးတပ်ဆင်ထားပြီး ကလေးသူငယ်များ လိုက်ပါစီးနင်းပါကလည်း လုံခြုံမှုကို ပေးစွမ်းနိုင်သည့် ISOFIX နည်းစနစ် ကြိုးချိတ်ပါဝင်ပါသည်။ ကား၏ အမြန်နှုန်းကို ထိန်းချုပ်ရာတွင်ပါဝင်သည့် အီလတ်ထရွန်းနစ်ဘရိတ်အားဖြန့်ဝေသည့်စနစ် (EBD)၊ မော်တော်ယာဉ် တိမ်းချော်မှုကို ထိန်းချုပ် ပေးသည့် (VSC) စနစ်နှင့် တောင်တက်ရာတွင် လွယ်ကူစေရန်ကူညီထိန်းချုပ်ပေးသော စနစ်(HAC) တို့လည်း ပါဝင်ပါသည်။
Rush ကားမှာ ပုံစံကွဲအနီရောင်နှစ်ရောင်၊အမဲ အဖြူ၊ ကြေးနှင့် ငွေရောင် စုစုပေါင်း ၆ ရောင်ရှိပြီး အတွင်းခန်းမှာတော့ အမဲ ရောင်တစ်မျိုးတည်းသာရရှိနိုင်ပါသည်။ ၃ နှစ်အတွင်း ကီလီမီတာ ၁ သိန်းမောင်းနှင်နိုင်သည်အထိ အာမခံပေးထားပြီး ရောင်းချပြီးနောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ် ပါသည်။ ကား၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၈၅ဝဝဖြစ်ပြီး Toyota ၏ အရောင်းကိုယ်စားလှယ်များထံကနေ အရစ်ကျစနစ်ဖြင့် ဝယ်ယူလို့ရနိုင်ပါသည်။

Author