Tokyo Motor Show 2019 အတွက် Toyota Motor Corporation ၏ Media Tour အစီအစဉ်

0

Full article

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် Tokyo Motor Show 2019 အတွက် Toyota Motor Corporation ၏ Media Tour အစီအစဉ်ကို ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့၌ စတင်ခဲ့သည်။ ပထမနေ့အစီအစဉ်အဖြစ် Toyota ကုမ္ပဏီသည် မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းအဖြစ်သာမက လူအားလုံးအတွက် အကျိုးဖြစ်စေမည့် Mobility Company တစ်ခုအဖြစ် ပြောင်းလဲနေပုံများ၊ ၂၀၂၀ တိုကျို အိုလံပစ်နှင့် မသန်စွမ်း အိုလံပစ်ပွဲကြီးတွင် အဓိကကူညီပံ့ပိုးပေးသည့် ကုမ္ပဏီအဖြစ် လုပ်ဆောင်နေမှုများ၊ အနာဂတ်အတွက် ထုတ်လုပ်ထားသည့် အလိုလျောက် မောင်းနှင်နိုင်သည့်ကားများ၊ လျှပ်စစ်စွမ်းအင်သုံးကားများနှင့် အခြားရွေ့လျားသွားလာနိုင်သည့် ယာဉ်များအကြောင်း ရှင်းလင်းပြောကြားခြင်းကို တိုကျိုမြို့ရှိ Hilton ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။


Toyota LQ Concept


လျှပ်စစ်စွမ်းအင်သုံး LQ concept ကားကို Tokyo Motor Show တွင်ပြသသွားမည်ဖြစ်သည်။ အားအပြည့်သွင်းထားပါက ၁၈၆ မိုင်ခန့်အထိ မောင်းနှင်နိုင်မည့် ကားတစ်စီးဖြစ်ပြီး “YUI” ဟုခေါ်သည့် personal assistant စနစ်ပါဝင်ကာ မောင်းနှင်သူ၏ စိတ်ခံစားမှုပေါ်မူတည်၍ အပူအအေးချိန်ညှိပေးခြင်း၊ သီချင်းဖွင့်ပေးခြင်း စသည်တို့ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။


Toyota i-Road


လူနှစ်ယောက်စီးနင်းနိုင်သည့် လျှပ်စစ်သုံး အသေးစားယာဉ်မျိုးဖြစ်သည်။ ယာဉ်များကြပ်သော မြို့တွင်းလမ်းများနှင့် ကားပါကင်ရှားပါးသော မြို့ပြနေရာများတွင် သွားလာအသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။


Toyota Mirai


Toyota ၏ Hydrogen Fuel Cell သုံး မော်တော်ယာဉ်ဖြစ်သည့် Mirai ဒုတိယမျိုးဆက်ကားကို Tokyo Motor Show တွင် ပြသသွားမည်ဖြစ်ပြီး ပထမမျိုးဆက်ထက် ပိုမိုကောင်းမွန်သော platform အသစ်ပေါ်တွင် တည်ဆောက်ထားသောကားဖြစ်သည်။ ၂၀၂၀ ခုနှစ်ကုန်ပိုင်းလောက်တွင်မှ ဈေးကွက်တွင် စတင်ရောင်းချမည်ဟုသိရသည်။

Author