မြန်မာနိုင်ငံတွင် တိုယိုတာထုတ်လုပ်ရေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းစတင်

0

Full article

ဂျပန်နိုင်ငံ၊ တိုယိုတာမော်တော်ကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံရှိမော်တော်ယာဉ်ထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိတက် (TMY) စက်ရုံသစ်စတင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို သီလဝါအထူးစီးပွားရေးဇုန်ရှိ ၎င်း၏ တည်ဆောက်ရေးလုပ်ငန်းခွင်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Ichiro Maruyama ၊ တိုယိုတာမော်တော်ကော်ပိုရေးရှင်း၊ တရုတ်နှင့်အာရှဒေသဆိုင်ရာ ဒုတိယအမှုဆောင်အရာရှိချုပ် Mr. Susumu Matsuda နှင့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

Mr. Susumu Matsuda မှ အဖွင့်အမှာစကားပြောကြားရာတွင်

“မြန်မာနိုင်ငံတွင် လာရောက်အခြေစိုက်ပြီး တာဝန်ယူလုပ်ဆောင်မှုရှိတဲ့ ကော်ပိုရေးရှင်းတစ်ခုအနေနဲ့ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းမှတစ်ဆင့် အရည်အသွေးမြှင့်မော်တော်ယာဉ်တွေကို ဝယ်ယူသုံးစွဲသူတွေဆီအချိန်နှင့် တစ်ပြေးညီ ရောက်အောင်ထုတ်လုပ်ဖြန့်ဖြူးပေးမှာဖြစ်ပြီး တိုယိုတာအနေနဲ့ မြန်မာနိုင်ငံစီးပွားရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေလိုပါတယ်။ ဒီတိုယိုတာထုတ်လုပ်ရေးစက်ရုံသစ် တည်ဆောက်ရေးလုပ်ငန်းအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ အခြားသောပါဝင်ပတ်သက်ဆက်နွယ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”

ဟု ထည့်သွင်းပြောကြားသည်။

၂၀၁၉ ခုနှစ်၊ မေလတွင်ထုတ်ပြန်ခဲ့သော တိုယိုတာ၏ ကြေညာချက်တွင်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်အသစ်ဝယ်လိုအားမြင့်မားလာခြင်းနှင့် နောင်တွင်လည်း ဈေးကွက်ဆက်လက်ကျယ်ပြန့်လာနိုင်သည့် အလားအလာကောင်းများအပေါ် အခြေခံ၍ တိုယိုတာမြန်မာ(TMY) ကို ဖွဲ့စည်းတည်ထောင်ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၂.၆) သန်းခန့်ဖြစ်ကာ လုပ်ငန်းစတင်လည်ပတ်ချိန်တွင် ဝန်ထမ်းအင်အား (၁၃၀) ဦးခန့်ဖြင့် တစ်နှစ်လျှင် TOYOTA Hilux စီးရေ (၂,၅၀၀) ကို SKD (Semi Knocked Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။ ဤပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုလူသားအရင်းအမြစ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ဖြစ်စေရန်အတွက်လည်း တိုယိုတာမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆိုသည်။

တိုယိုတာမြန်မာကုမ္မဏီလီမိတက်သည်  မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ မေလတွင် စတင်တည်ထောင်ခဲ့ပြီး Mr.Yoshihisa Tonozuka မှ မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူထားကာ ကားထုတ်လုပ်မည့်စက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်၊ ဇုန်(B) ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းကို စတင်သွားရန်မျှော်မှန်းထားပြီး အစုရှယ်ယာပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားကြောင်းသိရသည်။

Author