ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာ စီးနင်နိုင်သော Toyota Corolla Fielder

0

Full article

အတွင်းခန်းကျယ်ဝန်းပြီး ဝန်များများသယ်ဆောင်နိုင်သော _ Toyota Fielder_ အမျိုးအစားကို ယခုသီတင်းပတ်မှာ သုံးသပ်ဖော်ပြပေးချင်ပါသည်။ Fielder ၂ဝ၁ဝ တွင် အင်ဂျင်ပါဝါအပေါ်မူတည်ပြီး model X နှင့် model S ဆိုပြီး ကားမော်ဒယ်နှစ်မျိုးနှစ်စားရှိပါသည်။

Model S မှာ ၁.၈ လီတာ အင်ဂျင်နှင့်ဖြစ်ပြီး Model S ကတော့ ၁.၅ လီတာ အင်ဂျင်ဖြစ်ပါသည်။ Toyota Corolla Fielder မှာ ယင်းကားအမျိုးအစား၏ နာမည်အပြည့်အစုံဖြစ်ပြီး လူအများ စုကတော့ Fielder လို့ပဲ သုံးနှုန်းကြပါသည်။ ယင်း၏ ဆလွန်းပုံစံကိုတော့ Toyota Axio အနေဖြင့် သိကြပါသည်။

အပြင်ရုပ်ထွက်နှင့် အတွင်းခန်း

Toyota Fielder  ၂ဝ၁ဝ  အပြင်ပန်းရုပ်ထွက်ကို အခြားသော မော်ဒယ်အမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ပိုပြီး ကောက် ကြောင်းလှကာ ပြိုင်ကားပုံစံမျိုးဖြစ်နေပါသည်။ မော်ဒယ်အမျိုးအစားအလိုက် အပြင်ရုပ်ထွက်မှာ ကွဲပြားခြားနားချက် အနည်းငယ်တော့ရှိပါသည်။ အတွင်းခန်း ရှေ့ထိုင်ခုံများသည် ချိန်ညှိလို့ရပြီး အရပ်ရှည်သောသူများပင်လျှင် စီးနင်း လိုက်ပါရန်သင့်လျော်ပါသည်။ နောက်ခန်းရှိ ခြေထားရာနေရာများသည် ကျယ်ကျယ်ဝန်းဝန်းရှိပြီး လူသုံးဦး ကောင်းစွာ လိုက်ပါစီးနင်းလို့ရပါသည်။ Fielder ကား လူသုံးများလာရခြင်းမှာ ဝန်များစွာကို  သယ်ဆောင်နိုင်ခြင်းကြောင့်ပင်ဖြစ် ပါသည်။  မိသားစုစီးရန်နှင့် လုပ်ငန်းအတွက် အသုံးပြုရန်ဆိုလျှင် Fielder ကားကို ရွေးချယ်ကြတာများပါသည်။ နောက်ခန်းထိုင်ခုံများကို ခေါက်သိမ်းထားလိုက်မည်ဆိုပါက ဝန်များစွာကို သယ်ဆောင်နိုင်သော van ကား အသေးစား ပုံစံမျိုးပင်ဖြစ်သွားပါသည်။ ယင်းသည်ပင်လျှင် Fielder ကား၏ အားသာချက်ပင် ဖြစ်ပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

၁.၅ လီတာ အင်ဂျင်အသုံးပြုသော Fielder model S မှာ တစ်နာရီကို ဝ မှ ၁ဝဝ ကီလိုမီတာအထိ ၁ဝ.၂ စက္ကန့်အတွင်း သွားလာနိုင်ပြီး model X မှာတော့ ၈.၈ စက္ကန့်အတွင်း သွားလာနိုင်သည်။ ၁.၅ လီတာအင်ဂျင်သည် ၁.၈ လီတာ အင်ဂျင်နှင့် နှိုင်းယှဉ်လျှင် အစပိုင်း အရှိန်ရရန် အချိန်ယူရသည့် အားနည်းချက်တော့ရှိပါသည်။ Fielder မှာ  ဆီစားနှုန်း အလွန်သက်သာသော ကားတစ်စီးဖြစ်ပါသည်။

အထူးသဖြင့် model S မှာ စက်သုံးဆီတစ်လီတာကို ၁၈ ကီလိုမီတာသွားနိုင်ကာ model X မှာတော့ ၁၅ ကီလိုမီတာ သွားနိုင်ပါသည်။ Toyota Fielder ကားအောက်ခြေနှင့် မြေကြီးအကြားအကွာအဝေးမှာ (ground clearance) မှာ ၆.၃ လက်မရှိပါသည်။ ပေါ့ပါးသောဝန်များ သယ်ယူ ရုံဖြင့်တော့ ground clearance မှာ ပြသနာရှိမည် မဟုတ်သော်လည်း ဝန်များစွာသယ်ဆောင်ပါက မြန်နှုန်းအပေါ် သက်ရောက်မှုများ ရှိလာနိုင်ပါသည်။ Fielder ကား၏ အားနည်းချက်တစ်ခုကတော့ ကားကွေ့ရခက်ခဲသည့် suspension များတပ်ဆင်ထားခြင်း ဖြစ်ပါသည်။

နိဂုံးချုပ်ဆိုရလျှင် Toyota Fielder ကားမှာ ထိရောက်သွက်လက်စွာ အလုပ်တွင်ချင်သော စီးပွားရေးလုပ်ငန်းရှင်များအ အတွက် အကောင်းဆုံးကားတစ်စီးဖြစ်ပါသည်။ ထို့အပြင် မိသားစုအလိုက် ခရီးရှည်ထွက်ရာတွင်လည်း အလွန်အသုံး ဝင်ပြီး ဆီစားနှုန်းသက်သာကားတစ်စီး ဖြစ်သောကြောင့် ရွေးချယ်ဝယ်ယူသင့်ပါကြောင်း။

Author