၂ဝဝဝ ခုနှစ်ကျော်ကတည်း ယခုခေတ်စားနေသည့် အဆင့်မြင့်နည်းပညာများ တပ်ဆင်ထားသည့် ဇိမ်ခံကားကောင်း Celsior

0

Full article

ပြီးခဲ့သည့် အပတ်က Toyota Mark II အကြောင်းရေးသားခဲ့ပြီး ဒီတပတ်တော့ ထိုကားနည်းတူ လူကြိုက်များလှသည့် Toyota _ Celsior Car_အကြောင်းကို သုံးသပ်လေ့လာဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Celsior သည် flagship full size luxury sedan ဖြစ်ပြီး Mercedes S Class, BMW 7 Series, Audi A8 တို့နှင့် ကောင်းစွာ ယှဉ်လို့ရသည့် first class sedan မျိုးဖြစ်ပါသည်။ Toyota က Lexus LS ဆိုသည့် အမည်ဖြင့် (ဂျပန်တွင်တော့ Celsior ဟုခေါ်ပါသည်။) ၁၉၈၉ မှာ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Mercedes S classနှင့် BMW 7 တို့ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှာတော့ Celsior ကားသည် ၁၉၉၉ ကနေ ၂ဝဝ၄ မော်ဒယ်အထိ ကားများရှိပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Celsior သည် ၄၃ဝဝ စီစီ အင်ဂျင်တပ်ဆင်ထားပြီး မြင်ကောင်ရေအား ၂၉ဝ နှင့် လည်အား (torque) ၃၂ဝ ပေါင်ထုတ်ပေးနိုင်ပါသည်။ မြန်နှုန်း ငါးကြိမ် ပြောင်းလဲနိုင်သော အော်တိုဂီယာတပ်ဆင်ထားပြီး ဆီစားနှုန်းမှာ ၁ဝဝ ကီလိုမီတာတွင် ၁၁.၄ လီတာ ကုန်ပါသည်။ Celsior ကားများသည် အလေးချိန် ၁၈ဝဝ ကီလိုဂရမ်ရှိပြီး ၁ နာရီ ကို ဝ မှ ၁ဝဝ ကီလိုမီတာ အထိ အမြန်နှုန်းအား ၆ စကန့်အတွင်း မြှင်တင်နိုင်သည်။

အပြင်နှင့် အတွင်းပိုင်း

Celsior သည် luxury sedan ကားတစ်စီးဖြစ်သည်နှင့်အညီ ဒီဇိုင်းပိုင်းမှာလည်း မော်ဒယ်အဆင့်အလိုက် လှပကျော့ ရှင်းအောင် တဖြည်းဖြည်းပုံစံပြောင်းလဲထုတ်လုပ်လာပါသည်။

ကနေဦး LS 400 မော်ဒယ်ကားများသည် ရှည်လျား ချောမွေ့ပြီး ကိုယ်ထည်မှာ ပုပြတ်ပြတ်ပုံဖြစ်သော်လည်း LS430 မော်ဒယ်မှာတော့ ကိုယ်ထည်မြင့်မားပြီး ကေား ထာင့်ချိုးများမှာ ရိုးရှင်းလှပလာသည်။ Celsior တွင် ကြီးမားထင်ရှားသည့် နောက်မီးသီးများ၊ ပြင်ပလေကို ထိတွေ့ ခံစားနိုင်သည့် sun roof တို့လည်းပါရှိပါသည်။

အတွင်းပိုင်းတွင်တော့ သားရေခုံများ၊ တံခါးလက်ကိုင်များ၊ သော့မဲ့စနစ် နှင့် ရှေ့ခန်းသာမက နောက်ခန်းအတွက်ပါ လေထွက်ပေါက်များထားရှိသည့် လေအေးပေးစနစ်တို့ တပ်ဆင်ထားပြီး ကျယ်ဝန်းသပ်ရပ်လှပါသည်။ ဖုန်း၊ ရေဒီယိုနှင့် လမ်းညွှန်မြေပုံတို့ကို ကားမောင်းသူ၏ အသံဖြင့် ထိန်းချုပ်နိုင်သည့် စနစ်လည်းပါဝင်ပါသည်။ ကားနောက်ခန်းက စီးနင်းလိုက်ပါသူများသည် အော်ဒီယိုအသံစနစ်နှင့် လေအေးပေးစနစ် တို့ကို ထိန်းချုပ်လို့ရသည့်အပြင် ကားစီးရကြာလာသည့်အခါ ဖြစ်ပေါ်လာသည့် ညောင်းညာကိုက် ခဲမှုကို ဖြေလျော့ ပေးသည့် နိုပ်နယ်ပေးသောစနစ်ကိုလည်း တပ်ဆင်ထားသည်ဖြစ်ရာ သက်သောင့်သက်သာ စီးနင်း လိုက်ပါနိုင်သည့် ကားတစ်စီးပင် ဖြစ်ပါသည်။

လုံခြုံမှု

Celsior တွင် လေအိပ်များ၊ မြန်နှုန်းကို သင့်သော်သလို အလိုအလျောက်ထိန်းချုပ်ပေးသည့် anti-brake စနစ်၊ ကား၏ တုန်ခါမှုကို ထိန်းသိမ်းပေးသည့် VSC စနစ်၊ ကားတာယာများ၏ ဖိအားကို တိုင်းတာနိုင်သည့် စနစ်တို့ပါဝင်ပါသည်။ ထို့အပြင် ကားပါကင်ထိုးသည့်အခါတွင် အာရုံခံကရိယာများဖြင့် အလိုအလျောက်ပါကင်ထိုးပေးသည့်စနစ်၊ ကား၏ မြန်နှုန်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ယာဉ်တိုက်မှုအန္တာရာယ်တို့ကို ကြိုတင်အသိပေးကာကွယ်ပေးသည့် adaptive cruise control တို့ ပါဝင်သည်ဖြစ်ရာ ယခုမှ ခေတ်စားလာသည့် နည်းပညာသစ်များကို ယခင်ကတည်းက celsior တွင် တပ်ဆင်ထားခဲ့သည့်အတွက် လုံခြုံစိတ်ချရသည့် ဇိမ်ခံကားတစ်စီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်တော့ Celsior ၂ဝဝ၁ ကနေ ၂ဝဝ၄ မော်ဒယ်ကားအမျိုးအစားများကို တွေ့ရများပြီး ဈေးနှုန်းမှာလည်း မော်ဒယ်ခုနှစ်အလိုက် သိန်း ၂ဝဝ မှ ၄ဝဝ ကျော်အထိ ရှိပါသည်။ လူကြိုက်များသည့် ဇိမ်ခံကောင်းတစ်စီးဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။

Author