Full article

နိုဝင်ဘာ ၁၃၊ ရန်ကုန်

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များကို ကရိန်းယာဉ်(ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ သုံးရက်အတွင်းပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ ဒု-ရဲမှူး အောင်ကြည်က ပြောကြားသည်။

6155768121_dbdcc347f6

စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေးဥပဒေဖြင့် ချလန်ဖြတ်အရေးယူပြီး ယာဉ်မောင်းမရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ဖြင့်သယ်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်းယာဉ်ရပ်နားကွင်းတွင် သွားရောက်ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ရပ်နားသောယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသော ယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဖမ်းဆီးရမိသော ယာဉ်များကို စည်ပင်သာယာရေးကော်မတီ တရားရုံးသို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ စည်ပင်ဥပဒေဖြင့် တရားစွဲဆို တင်ပို့ကြောင်း၊ ချလံဖြတ်အရေးယူသည့် ပုဒ်မမှာ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်တစ်သောင်းမှ ငါးသိန်းအထိ ချမှတ်နိုင်သော်လည်း တရားရုံးက လတ်တလောဒဏ်ငွေနှစ်သောင်းခွဲသာကျခံစေရန် အမိန့်ချမှတ်ထားကြောင်း ဗဟန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကပြောကြားသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credit by flightlog

Author