Full article

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်ရပ်နားမှု ဖမ်းဆီးခြင်းကို ယာဉ်စည်းကမ်းပူးပေါင်းအဖွဲ့များနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တိုင်း၌ ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။

3914477797_fabe9970c6

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယာဉ်မရပ်ရ နယ်မြေဧရိယာများကိုအသိပေးကြညာချက်ထုတ်ပြန်ခဲ့ပြီး ယင်း သတ်မှတ်ဧရိယာများ၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုကို မော်တော်ယာဉ်ဆွဲကားများဖြင့် နိုဝင်ဘာ ၁၁ နေ့မှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ လက်ရှိအချိန်တွင် ယာဉ်စည်းကမ်းပူးပေါင်းရေးအဖွဲ့ ၁ဝ ဖွဲ့မှ တစ်ရက်လျှင် နှစ်ဖွဲ့နှုန်းဖြင့် မနက်ပိုင်း၊ ညနေပိုင်းခွဲကာ အဓိကလမ်းမကြီး ၃၇ နေရာတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို လတ်တလောတွင် ကမာရွတ်မြို့နယ်၊ လှိုင်၊ စမ်းချောင်း၊ ပန်းပဲတန်း၊ လမ်းမတော်၊ ဗဟန်း၊ ကျောက်တံတား၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်များ၌ အများဆုံးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိရာ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုကို စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈ ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကာ အနည်းဆုံးဒဏ်ငွေ ကျပ် တစ်သောင်းမှ အများဆုံးဒဏ်ငွေ ကျပ်ငါးသိန်းထိ သော်လည်းကောင်း၊ ထောင်ဒဏ်တစ်နှစ် သော်လည်းကောင်း ကျခံရနိုင်ကြောင်း သိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Photo credit by flightlog

Author