မြန်မာတစ်နိုင်ငံလုံးရှိ ကားအစီးရေ ၁ဝ သိန်းကျော်တွင် ရန်ကုန်တိုင်းတစ်ခုတည်း၌ ကားအစီးရေ ၅ သိန်းကျော် ယာဉ်မှတ်ပုံတင်ထားရှိ

0

Full article

မြန်မာတစ်နိုင်ငံလုံးတွင် ကားအစီးရေ ၁ဝ သိန်းကျော်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကားအစီးရေ ၅ သိန်းကျော်အထိ ယာဉ်မှတ်ပုံတင်ထားရှိခြင်းကြောင့် တစ်နို်င်ငံလုံးရှိ ယာဉ်အစီးရေ၏ ထက်ဝက်ခန့်ဖြင့် အများဆုံးအနေဖြင့် ရန်ကုန်တိုင်းတွင်ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

လက်ရှိတွင် ၂ဝ၁၉ ခုနှစ် မတ်လအထိ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်အစီးရေမှာ ၁,ဝ၈၂,၁၉၇ စီး ကို မှတ်ပုံတင်ပြုလုပ်ထားရှိပြီး ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ အပါအဝင် စက်တပ်ယာဉ် အစီးရေမှာ ၇,၃၃၁,၈၉၄ စီးအား မှတ်ပုံတင်ထားရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားရှိသော ကားအစီးရေမှာ ၅ သိန်းကျော်သွားပြီဖြစ်သည်။

"ကားအစီးရေက လွန်ခဲ့တဲ့ ၁ဝ နှစ်က မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေထက် အရမ်းများလာတယ်။ အရင်က အခုကားအစီးရေရဲ့ ၁ဝ ပုံ ပုံ ၁ ပုံပဲရှိတယ်။ ကားအစီးရေက အခုလက်ရှိဆို ၁ဝ သိန်းကျော်သွားပြီ။ ရန်ကုန်တိုင်းမှာပဲ ကားအစီးရေက ၅ သိန်းကျော်ရှိနေတယ်။ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ အားလုံးပေါင်းရင်တော့ သိန်း ၇ဝ လောက်ရှိပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂ဝ၁၉ ခုနှစ် မတ်လ ၁ ရက်နေ့အထိ မော်တော်ယာဉ်အစီးရေ ၁ဝ သိန်း ၈ သောင်းကျော် မှတ်ပုံတင်ပြုလုပ်ထားရှိရာ ဘယ်မောင်းကားအစီးရေမှာ ၂ သိန်းနီးပါးထိရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

Author