Full article

ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပျက်စီးနေသည့် ယာဉ်များကိုပြုပြင်ပြီး ပြန်လည်ရောင်းချရန် ပြည်တွင်းယာဉ်ရောင်းချရေး ကုမ္ပဏီ သုံးခုက တင်သွင်းလာကြောင်း မော်တော်ယာဉ်တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ယင်းမော်တော်ယာဉ်များသည် သီလဝါနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် ရောက်ရှိနေကြောင်း ယင်းသို့တင်သွင်းသည့် ကုမ္ပဏီ သုံးခုတွင် မော်တော်ယာဉ်တင်သွင်း ရောင်းချနေသော မြန်မာအတွင်းရှိ ထိပ်တန်းကုမ္ပဏီ အချို့လည်းပါဝင်နေကြောင်း မျက်မြင်ကြုံခဲ့ရသူ ၄င်းကပြောကြားသည်။

တိုက်ထားတာ ခေါင်းကြေနေတဲ့ ကားတွေတောင်ပါတယ်ဟု ၄င်းကဆိုသည်။

4112407433_56fc0d93d8

ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ယာဉ်တိုက်မှုဖြစ်ထားပြီး ပျက်စီးနေသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းမှ ထုတ်ယူခွင့်ပြုမည်မဟုတ်ဟု မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS-One Stop Service)အဖွဲ့ဝင်ဖြစ်သူ စီးပွား/ကူးသန်း ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမင်းမင်းက ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီသုံးခုက ဂျပန်နိုင်ငံတွင် တိုက်ထားသည့် ယာဉ်များကို တင်သွင်းလာပြီး ဆိပ်ကမ်းမှ ထုတ်ယူခွင့်မရရှိခြင်း နှင့် ပက်သက်သော မေးမြန်းမှုအပေါ် ၄င်းက ယင်းကဲ့သို့ ဖြေကြားသည်။

တိုက်ထားတဲ့ကားတွေ တင်သွင်းလာတယ်။ ဆိပ်ကမ်းကထုတ်မပေးဘူးဆိုတဲ့ ဖိုင်တော့ ကျွန်တော့်ဆီတက်မလာဘူး။ တက်လာရင်လည်း ထုတ်ခွင့်ပြုမှာမဟုတ်ဘဲ နိုင်ငံပိုင်သိမ်းဖို့ပဲ မှတ်ချက်ပေးမှာပါဟု ဦးမင်းမင်းက ဆိုသည်။

အဆိုပါတိုက်ထားသည့် မော်တော်ယာဉ်များမှာ ဂျပန်နိုင်ငံတွင် ဝယ်ယူရာတွင် အမျိုးအစားအလိုက် ပုံမှန်ယာဉ်များနှင့် နှိုင်းယှဉ်ပါက ကျပ်သိန်း၃ဝ မှ သိန်း၈ဝကျော်ထိ ကွာဟကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အထိအခိုက်ပါသော မော်တော်ယာဉ်များကို မှားယွင်းမဝယ်မိစေရန် ဂျပန်နိုင်ငံက ထည့်သွင်းပေးသည့် အပျက်အစီးစာရင်း (cancelation) ကိုရောင်းချသူထံမှ တောင်းယူစီစစ်နိုင်ကြောင်း မော်တော်ယာဉ်တင်သွင်းသည့် ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုမှ မန်နေဂျာတစ်ဦးမှ ပြောကြားသည်။

the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo Credits to InsureWish.com

Author

Comments