Tokyo Century မှ မြန်မာ မော်တော်ယာဉ်အငှားလုပ်ငန်းလုပ်ကိုင်လျက်ရှိသော Yoma Fleet ၏ အစုရှယ်ယာ ၂ဝ% ရယူ

0

Full article

ဂျပန် ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သော Tokyo Century သည် SGX (Singapore Exchange Limited) စာရင်းဝင် Yoma Strategic Holdings ၏ လက်အောက်ခံ မော်တော်ယာဉ်အငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသော Yoma Fleet ၏ အစုရှယ်ယာ ၂ဝ% ကို အမေရိကန်ဒေါ်လာ ၂၆.၆ သန်းဖြင့် ရယူတော့မည်ဖြစ်ကြောင်း ပြီးခဲ့သော တင်္နလာနေ့က ကြေညာခဲ့သည်။

Tokyo Century က Yoma Fleet သည် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများနှင့် တစ်သီးပုဂ္ဂလ နှစ်မျိုးစလုံးအတွက် မော်တော်ယာဉ်ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းတွင် ဦးဆောင်ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

"ဂျပန်ပြည်တွင်းဈေးကွက်အတွင်း ငွေရေးကြေးရေး ကျွမ်းကျင်မှုနှင့် ကြော်ကြားမှုရှိပြိးသား Tokyo Century နဲ့ ဖေါက်သည်များစွာရှိထားပြိး credit စိစစ်မှု လုပ်နိုင်စွမ်းရှိပြီးသား Yoma Fleet တို့ ပူးပေါင်းခြင်းအားဖြင့် စီးပွားဖက်တွေဟာ Yoma Fleet ရဲ့ လက်ရှိ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုကြီးထွားလာအောင် လုပ်ဆောင်နိုင်မှာဖြစ်တဲ့အပြင် အနာဂတ် စီးပွားရေးလမ်းကြောင်းတွေကို တိုးချဲ့နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ရှာဖွေနိုင်မှာပါ" ဟု ဂျပန်အဖွဲ့အစည်းဘက်မှ ပြောကြားခဲ့သည်။

Yoma Fleet ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် Tokyo Century သည် သူ၏ ဂျပန်နိုင်ငံပြင်ပ မော်တော်ယာဉ်လုပ်ငန်းကို တိုးချဲ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ပံ့ပိုးပေးသွားနိုင်မည်ဖြစ်သည်။

လူဦးရေအားဖြင့် ၅၂ သန်းခန့်ရှိသော မြန်မာနိုင်ငံသည် လာမည့်နှစ်များအတွင်း ခိုင်မာသည့် စီးပွားရေးတိုးတက်မှုများရှိလာလိမ့်မည်ဟု မျှော်လင့်စရာများရှိနေသည်။ လက်ရှိအချိန်တွင် ASEAN ဒေသအတွင်း မြန်မာနိုင်ငံသည် မော်တော်ယာဉ်အသစ် ရောင်းအား အမြင့်ဆုံးဖြစ်နေသော နိုင်ငံဖြစ်ပြီး ကြီးမားသည့် မော်တော်ယာဉ်ဈေးကွက်တစ်ခု ဖြစ်လာနိုင်ဖွယ်အလားအလာရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Yoma Strategic သည် Serge Pun & Associates Limited အဖွဲ့အစည်းကြီး၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းအဖွဲ့အစည်းမှာ မြန်မာနိုင်ငံအတွင်း အိမ် ခြံ မြေ၊ စားသုံးကုန်၊ မော်တော်ယာဉ်နှင့် စက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

Tokyo Century သည် အရှေ့တောင်အာရှအတွင်း တက္ကဆီအငှားဝန်ဆောင်မှုစနစ် စွန့်ဦးလုပ်ကိုင်၍ အောင်မြင်လျက်ရှိသော စင်ကာပူအခြေစိုက် Grab ထံတွင်လည်း ပြီးခဲ့သော ဇန်နဝါရီလအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သေးသည်။ Tokyo Century သည် Grab ၌ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး ယနေ့အချိန်တွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၇၅ သန်းအထိပင်ရှိ၍နေပြီဖြစ်သည်။

Tokyo Century သည် ပြီးခဲ့သော မေလအတွင်းက Lippo လုပ်ငန်းစုကြီးမှ ထိန်းချုပ်ထားသော အင်ဒိုနီးရှားနိုင်ငံရှိ Nobu ဘဏ်တွင်လည်း အစုရှယ်ယာ ၅% ကို ရယူထားခဲ့သေးသည်။

Ref: Tokyo Century picks 20% stake in Myanmar auto leasing firm Yoma Fleet by Ka Kay Lum

Author

Comments