သင်္ကြန်လေးရက်အတွင်း ယာဉ်မတော်တဆမှု ၃၈ မှုဖြစ်ပွား လူ ၁၁ ဦး သေဆုံး

0

Full article

၂ဝ၁၈ ခုနှစ် သင်္ကြန်လေးရက်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးထံမှသိရှိရ သည်။

၂ဝ၁၈ ခုနှစ် မဟာသင်္ကြန် အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ အတက်နေ့ဖြစ်သော ဧပြီ ၁၆ ရက် လေးရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၃၈ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၅၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သင်္ကြန် ၄ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများတွင် မော်တော်ယာဉ်အချင်းချင်းဖြစ်ပွားသည့် မတော် တဆမှု ၂၇ မှု၊ ဆိုင်ကယ်အချင်းချင်း ဖြစ်ပွားခဲ့မှု ၉ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်ဖြစ်ပွားခဲ့မှု ၂ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သင်္ကြန် ၄ ရက်အတွင်းမှာ ယာဉ်မတော်တဆမှု ၃၈ မှုအထိဖြစ်ခဲ့တယ်။ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေ ထဲမှာ အရက်သေစာသောက်စားပြီး ကျူးလွန်ခဲ့တဲ့ အမှုတွေများတယ်။ အရင်နှစ်တွေထက်စာရင် လျှော့နည်းလာတယ်လို့တော့ပြောလို့ရပါတယ်။ "ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် အမှုများတွင် ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့က ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနား လမ်းအတိုင်းမောင်းနှင်လာသည့် ကန်တာယာဉ်တစ်စီးသည် လှည်းတန်းလမ်းဆုံအရောက်တွင် ချို်းကွေ့မောင်းနှင်စဉ် ရေကစားမဏ္ဍပ်အနီးတွင်ရှိနေသည့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦးကို ဝင်တိုက်မိရာ တစ် ဦးသေဆုံးသွားခဲ့ပြီး ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသည့် NISSAN CABSTER အမျိုးအစားယာဉ် တစ်စီးသည် အုတ်ပုံဆိပ်တံတားအောက်အရောက်တွင် လမ်းလယ်တံတားအုတ်ခုံကို ဝင်တိုက်မိရာမှ တိမ်းမှောက်သွားခဲ့ကာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၇ ဦး အနက် ၃ ဦးမှာ သေဆုံးသွားကြောင်း သိရသည်။
accident

Author