သင်္ကြန်တွင် YBS ကားများနှင့် အဝေးပြေးယာဉ်လိုင်းများ ယာဉ်စီးခ တိုးမြှင့်ကောက်ခံခြင်းကို ထိရောက်စွာအရေးယူ မည်ဟု အာဏာပိုင်အဖွဲ့ဆို

0

Full article

မဟာသင်္ကြန်ကာလတွင် အဝေးပြေးယာဉ်လိုင်းများနှင့် မြို့တွင်းပြေးဆွဲမည့် YBS ယာဉ်လိုင်းများ ယာဉ်စီးခ ပိုမို ကောက်ခံခြင်းကို လုံးဝ ခွင့်မပြုကြောင်းနှင့် ယာဉ်စီးခ ပိုမိုကောက်ခံမည့် ယာဉ်လိုင်းကို ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

သင်္ကြန်မတိုင်ခင် အဝေးပြေးကားလက်မှတ်များ ဝယ်ယူရအခက်အခဲရှိလာပြီး ဈေးနှုန်းပိုမိုပေးကာ ဝယ်ယူနေရမှုများရှိနေသော်လည်း ယနေ့အထိ ယာဉ်းစီးခ ပိုမိုပေးဆောင်ရမှုမျိုး တိုင်ကြားမှုမရှိသေးကြောင်း သိရသည်။

"သင်္ကြန်မှာ အဝေးပြေးယာဉ်လိုင်းတွေရော မြို့တွင်းပြေးဆွဲမယ့် ယာဉ်လိုင်းတွေကိုပါ ယာဉ်စီးခပိုပြီး ကောက်ခံတာကို လုံးဝ ခွင့်မပြုပါဘူး။ ယာဉ်းစီးခပိုပြီး မကောက်ဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို အသိပေးထားပါတယ်။ ယာဉ်စီးခပိုပြီးကောက်ခံတဲ့ ယာဉ်လိုင်းကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပါမယ်။ ဒီနေ့အထိ ယာဉ်စီးခပိုတောင်းလို့ တိုင်ကြားတာမရှိသေးပါဘူး။''ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

သင်္ကြန်ကာလအတွင်း (YRTA) Hot Line phone number များဖြစ်တဲ့ ဝ၉-၄၄၈ ၁၄၇ ၁၄၉၊ ဝ၉-၄၄၈ ၁၄၇ ၁၅၃၊ ဝ၉-၄၄၈ ၁၄၇ ၁၅၄ ကိုအချိန်ပြည့် ဖွင့်လှစ်ထားပေးသွားမည်ဖြစ်ရာ ယာဉ်လိုင်း နှင့်ခရီးသည် အကြား ပြသာနာတစ်စုံတစ်ရာဖြစ်ပေါ်၍ ကျေနပ်မှုမရှိပါက တိုင်းကြားနိုင် မည်ဖြစ်ကြောင်း သိရသည်။

Author