YPS စနစ်ကို ပြီးခဲ့သည့် ၂၁ရက်နေ့က စတင်ခဲ့ပြီးငွေပေးချေကတ်ဝန်ဆောင်မှုစတင်ရောင်းချခဲ့သည့် တစ်ပတ်အတွင်း မြန်မာကျပ်ငွေ သိန်း ၄၆၀ ဖိုးအထိ ငွေဖြည့်သွင်းခဲ့

0

Full article

YPS စနစ်ကို ၂၁.၇.၂၀၂၀ ရက်နေ့တွင်စတင်ခဲ့ပြီး ငွေပေးချေကတ်ဝန်ဆောင်မှုစတင်ရောင်းချခဲ့သည့် ၁၆.၇.၂၀၂၀ ရက်နေ့မှ ၂၂.၇.၂၀၂၀ ရက်နေ့မနက်ပိုင်းအထိ ကတ်ကိုငွေဖြည့်သွင်းသည့်ပမာဏမှာ မြန်မာကျပ်ငွေ သိန်း ၄၆၀ ကျော်ရှိခဲ့ပြီး ချောမွေ့စွာစတင်နိုင်ခဲ့ကြောင်း Asiastarmer Transport Intelligence Co.,Ltd မှ Deputy CEO ဦးသန့်သီဟမှ ပြောကြားခဲ့သည်။

“Yangon Payment Service (YPS) စနစ်အတွက် ကတ်တွေကို ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ရဲ့ YPS service center ၃ ခုနဲ့ G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်မှာစတင်ပြီးရောင်းချခဲ့ပါတယ်။ မနေ့က ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ YPS စနစ်စတင်တဲ့ online launching တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါကလည်း လက်ရှိဖြစ်ပွားနေတဲ့ COVID -19 ကာလမှာ ပွဲတွေမလုပ်ဖို့ရည်ရွယ်ချက်နဲ့ online ကနေပဲ ရန်ကုန်တိုင်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဒေါ်နီလာကျော်တို့ကိုယ်တိုင် အမှာစကားပြောကြားပြီး online launching ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ချောချောမောမောပဲစတင်နိုင်ခဲ့ပါတယ်။ ၁၆.၇.၂၀၂၀ ရက်နေ့ကနေ ၂၂.၇.၂၀၂၀ ရက်နေ့မနက် ၇ နာရီအထိ ဒေတာတွေအရ ကတ်ကို ငွေဖြည့်တဲ့ပမာဏဟာ သိန်း ၄၆၀ ကျော် top–up လုပ်ပြီးဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဟာ ကတ်တွေကိုရောင်းချတဲ့အခါ ရိုးရိုးကတ်နဲ့ ပရိုမိုးရှင်းကတ် ဆိုပြီးနှစ်မျိုးရောင်းချခဲ့ပါတယ်။ ရိုးရိုးကတ်ကတော့ မြန်မာငွေကျပ် ၂,၀၀၀ ကျသင့်ပါတယ်။ ပရိုမိုးရှင်းကတ်ကတော့ ၅,၀၀၀ ဖိုးငွေဖြည့်သွင်းရင် ကတ်တစ်ကတ် အလကားပေးပါတယ်။ အဲဒီကတ်တွေရောင်းချရမှုကတော့ ၂၂.၇.၂၀၂၀ ရက်နေ့မနက် ၇ နာရီအထိစာရင်းတွေအရ ရိုးရိုးကတ် ၁,၇၁၀ ကတ်နဲ့ ပရိုမိုးရှင်းကတ် ၈,၈၇၄ ကတ် ရောင်းချခဲ့ရပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ဒီကတ်စနစ်ကိုအသုံးပြုဖို့အတွက် အတော်လေးကို အင်တိုက်အားတိုက် အားပေးတာကိုတွေ့ရပါတယ်”

ဟု Asiastarmer Transport Intelligence Co.,Ltd မှ Deputy CEO ဦးသန့်သီဟမှ ၂၂.၇.၂၀၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

လတ်တလောတွင် YPS ကတ်စနစ်အတွက် YBS ယာဉ်စီးရေ ၁,၉၈၇ စီးတွင် စက်တပ်ဆင်ထားပြီးဖြစ်ကာ လာမည့်ဩဂုတ်လတွင်လည်း ယာဉ်စီးရေ ၅၀၀ မှ ၆၀၀ ခန့် တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း YRTA ၏တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

Author