Yangon Water Bus ကိုဩဂုတ်လ ၁ ရက်နေ့တွင်ပြန်လည်ပြေးဆွဲသွားမည်

0

Full article

Yangon Water Bus ကိုဩဂုတ်လ ၁ ရက်နေ့တွင်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များအရသိရသည်။

ကာလအတန်ကြာ ရပ်နားထားသည့် Yangon Water Bus ကို ဩဂုတ်လ ၁ ရက်နေ့တွင်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး လမ်းသစ်-ဆာပါချောင် ခရီးစဉ်ကို စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ပြန်လည်ပြေးဆွဲရာတွင် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နှာခေါင်းစည်းတပ်ဆင်ထားသူများသာ စီးနင်းခွင့်ရရှိမည်ဖြစ်ပြီး ရေယာဉ်ပေါ်သို့ တက်ရောက်ပါက ကိုယ်အပူချိန်တိုင်းခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် ပထမဆုံးပြန်လည်ဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့် ဩဂုတ်လ ၁ ရက်နေ့ တစ်နေ့လုံးအား အခမဲ့ စီးနင်းခွင့်ရရှိသွားမည်ဖြစ်သည်။ Yangon Water Bus အားပြန်လည်ပြေးဆွဲရာတွင် စင်ကာပူကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်ကာ Payment စက်များတပ်ဆင်ထားပြီး KBZ pay၊ CB pay၊ Wave Money account များဖြင့် ပေးချေစီးနိုင်းနိုင်မည်ဖြစ်သည်။ တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ကလည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် Yangon Water Bus ပြန်လည်ပြေးဆွဲရန်အတွက် ထိုင်းနှင့်စင်ကာပူနိုင်ငံများမှ ရေယာဉ်သစ် ၇ စီးဝယ်ယူထားကြောင်း၊ ယခင်နှင့်မတူသည့်ပုံစံဖြင့် ပြန်လည်ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေကြောင်း၊ Yangon Water bus ပြန်လည်ပြေးဆွဲချိန်တွင် ရေယာဉ်၁၄ စင်းအနက်မှ အင်းစိန်လမ်းကြောင်းတွင် ၂စင်း၊ ငမိုးရိပ်လမ်းကြောင်းတွင် ၅ စင်း၊ ပေါင်း ၇ စင်းဖြင့် ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။


Yangon Water Bus အနေဖြင့် ၂၀၁၇ အောက်တိုဘာလမှ စတင်ပြေးဆွဲခဲ့ပြီး ဆိပ်ကမ်းများ၏ မိုးရာသီပျက်စီးမှုများအားပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြင်ဆင်မှုများပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်းပြေးဆွဲမည့်ရေယာဉ်များတင်သွင်းရန်အတွက် ငမိုးရိပ်ချောင်းဆိပ်ကမ်းများဆောက်လုပ်ခွင့်ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်တည်ဆောက်ရန်နှင့် ငွေပေးချေမှုစနစ်အသစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက် ၂၀၁၉ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ပြေးဆွဲမှုကို ခေတ္တရပ်နားထားခဲ့ကြောင်း သိရသည်။

Author