ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကားထုတ်လုပ်ရေးကိုပိုမို အောင်မြင်အောင်ဆောင်ရွက်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကားထုတ်လုပ်ရေးကိုပိုမို အောင်မြင်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထုတ်လုပ်သည့်ကားများကိုမှာလည်း ယခင် ဇုန်ထုတ်ကားများကဲ့သို့ ထင်ရာမြင်ရာလုပ်ထားသည့် ထုတ်လုပ်ရေးမျိုးမဟုတ်ဘဲ Branded ကားများကိုသာ ထုတ်လုပ်သွားမည်ဖြစ်ကာ ရန်ကုန်လိုင်စင်ပေးသွားမည့်အပြင် ကားထုတ်လုပ်ရေးတွင်လိုအပ်သော ကျွမ်းကျင်လုပ်သားများကို ကျောင်းများမှ မွေးထုတ်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။


“ကျွန်တော်တို့ချမှတ်ထားတဲ့ System ထဲမှာ ကားထုတ်လုပ်ရေးလုပ်ငန်းကြီးကို အောင်မြင်အောင်ချမှတ်ထားပါတယ်။ အခုဆို ရန်ကုန်မှာ ကားထုတ်လုပ်ရေးလုပ်ငန်း ၁၅ ခုနဲ့အထက်ရှိပါတယ်။ Toyota ၊ Nissan ၊ Suzuki စတဲ့ ဂျပန်ကုမ္ပဏီတွေလည်းပါဝင်ပါတယ်။ ယခင်ကလို ကားထုတ်လုပ်ရေးမျိုး မဟုတ်ပါဘူး။ ယခင်က ကားထုတ်လုပ်ရေးဆိုတာ သစ်ပင်အောက် အမိုးဆွဲ၊ အစိတ်အပိုင်းတွေကို နိုင်ငံတကာကဝယ်ပြီး ထင်ရာမြင်ရာလုပ်ထားတဲ့ ဇုန်ကားဆိုတာမျိုးတွေ ထုတ်လုပ်တာကို ကျွန်တော်တို့က ကားထုတ်လုပ်ရေးလို့ လုံးဝမသတ်မှတ်ပါဘူး။ ဒီစနစ်ကိုလည်း လုံးဝမထောက်ခံပါဘူး။ ဒီလုပ်ငန်းကိုလည်း လုံးဝခွင့်ပြုမထားပါဘူး။ ကျွန်တော်တို့ထုတ်တဲ့ကားက Branded ပဲဖြစ်ရမယ်။ အဲဒီ Branded က Made in Myanmar ဖြစ်ရမယ်။  Made in Myanmar ဖြစ်ရင် ရန်ကုန်လိုင်စင်ပေးမယ်။ ရန်ကုန်မှာ ကားလာထုတ်လုပ်မယ်ဆိုရင် ရန်ကုန်လိုင်စင်ရမယ်။ ဒီတော့ ကားသစ်ဝယ်စီးတဲ့လူတွေအားလုံး ရန်ကုန်လိုင်စင်ရမယ်။ ဒါ့အပြင် ကားထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေကိုလည်း ကျွန်တော်တို့ကျောင်းတွေက မွေးထုတ်ပေးမယ်။ ဒါဆို ကျွန်တော်တို့ကလေးတွေ ကျောင်းဆင်းတာနဲ့ အလုပ်တန်းရမယ်။ ဒီပုံစံကိုသွားဖို့ ပြင်ဆင်ထားပါတယ်။”

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော YRTA ၏ ယာဉ်ရပ်နားကွင်းသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။


Toyota မှလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန် (B) တွင် စက်ရုံသစ်တည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနားကိုပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်းများ စတင်ရန်မျှော်မှန်းထားကြောင်းသိရသည်။

Author