မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံသားကုမ္ပဏီများပေါ်ပေါက်လာစေရန် ဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

0

Full article

မော်တော်ကားထုတ်လုပ်ရေးအတွက် ကျွမ်းကျင်လုပ်သားများလိုအပ်ကာ၊ မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံသားကုမ္ပဏီများပေါ်ပေါက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော မြန်မာ့ကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ၌ ပြောကြားခဲ့သည်။


“အခုဆို ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်လုပ်သားဘယ်လောက်ရှိသလဲဆိုတာကို နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကလာရောက်လေ့လာနေကြပါတယ်။ အခုဆို တိုယိုတာကားကုမ္ပဏီဟာ သီလဝါမှာ လာရောက်ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေစတင်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ မော်တော်ကားထုတ်လုပ်ရေးအတွက် ကျွမ်းကျင်လုပ်သားတွေများစွာလိုအပ်ပါတယ်။ ဒီအပြင် မော်တော်ကားနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းပစ္စည်းတွေထုတ်လုပ်နိုင်ဖို့အတွက်လည်း အများကြီးလိုအပ်ပါတယ်။ ဒီကားထုတ်လုပ်ရေးတွေနဲ့ပတ်သက်ပြီး တချို့အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ပြည်ပကနေ တင်သွင်းလာပေမဲ့ တချို့အစိတ်အပိုင်းပစ္စည်းတွေ ပြည်တွင်းကနေ ထုတ်လုပ်ပံ့ပိုးပေးနိုင်မယ့် ကဏ္ဍကို ကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်တဲ့ လုပ်သားတွေ ရှိနေဖို့ လိုအပ်ပါတယ်။ တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ နိုင်ငံသားကုမ္ပဏီတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံသားကုမ္ပဏီတွေကနေ နိုင်ငံတကာနဲ့ပေါင်းစပ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရမှာဖြစ်သလို တစ်ဖက်က ကျွမ်းကျင်လုပ်သားတွေကိုမွေးထုတ်ပေးနိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း ၁၅ ခုနှင့်အထက်ရှိနေပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းအတွင်း မော်တော်ကားထုတ်လုပ်လုပ်ရေးလုပ်ငန်းကိုလည်း ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားမည့်အပြင် ကားထုတ်လုပ်ရေးအတွက် လိုအပ်သောကျွမ်းကျင်လုပ်သားများကို ကျောင်းများမှမွေးထုတ်ပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ ယာဉ်ရပ်နားကွင်းဖွင့်ပွဲတွင်လည်း ပြောကြားခဲ့သည်။

Author