Yangon Payment Service (YPS) စနစ်ကို စတင်တော့မည်ဖြစ်သော်လည်း ငွေပုံးများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

YPS စနစ်ကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ငွေပုံးစနစ်ကိုလည်း ဆက်လက်ထားရှိသွားဦးမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၇ / ၂၀၂၀ ) တွင်ပြောကြားခဲ့သည်။
“ဒီ ကတ်စနစ်စတင်ဆောင်ရွက်ပေမဲ့လည်း ငွေပုံးစနစ်ကလည်း လိုအပ်နေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကတ်မှာငွေကုန်သွားရင်ပဲဖြစ်ဖြစ်၊ ကတ်မပါလာရင်ပဲဖြစ်ဖြစ် စီးလို့ရအောင် ငွေပုံးတွေကို ဆက်ထားသွားဦးမှာပါ။ ဒီစနစ် ဆောင်ရွက်တဲ့အတွက်လည်း ငွေပုံးတပ်ဆင်ထားတဲ့ ယာဉ်တွေမှာ ထိခိုက်မှုမရှိနိုင်ပါဘူး။ ကတ်စနစ်ကို ကုမ္ပဏီပိုင် ယာဉ်တွေမှာပဲစတင်တပ်ဆင်သွားမှာပါ။ ဒီစနစ်အပေါ် ခရီးသွားပြည်သူရဲ့တုံ့ပြန်မှုနဲ့ အခြေအနေအမျိုးမျိုးကို သုံးသပ်ပြီးတော့ အားလုံးလိုက်ပါနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
ဟု YRTA တွဲဖက်အတွင်းရေးမှူးမှပြောကြားခဲ့သည်။
YPS စနစ်ကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင်စတင်သွားမည်ဖြစ်ပြီး ကတ်များရောင်းချမှုနှင့် ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှုများကို ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
YPS စနစ်စတင်ကျင့်သုံးမည့် ယာဉ်လိုင်းများမှ YBPC ကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၄၃၊ ၆၂၊ ၇၂၊ ၈၇ - ၀၁၊ ၈၇ - ၀၂၊ ၈၈၊ ၈၉ - ၀၁၊ ၈၉ - ၀၂၊ ၉၆ - ၀၁၊ ၉၆ - ၀၂၊ စုစုပေါင်း ယာဉ်လိုင်း (၇) လိုင်း၊ လမ်းကြောင်း ၁၀ ခု၊ ယာဉ်အရေအတွက် ၃၆၃ စီးနှင့် ဗန္ဓုလ ယာဉ်လိုင်းကုမ္ပဏီမှ ယာဉ်လိုင်းများဖြစ်သော ၁၂၊ ၁၄၊ ၂၅ ၊ ၃၀ - ၁၊ ၃၀ - ၂၊ ၃၈၊ ၅၅၊ စုစုပေါင်းယာဉ်လိုင်း (၆) လိုင်း၊ လမ်းကြောင်း (၇) ခု၊ ယာဉ်အစီးရေ ၂၃၄ စီးဖြင့် စတင်သွားမည်ဖြစ်ကြောင်းသိရသည်။