တစ်နိုင်ငံလုံးအတိုင်းအတာအရ မော်တော်ယာဉ်များ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသည့် အခွံချိန်း၊ အလုံးချိန်း body coach ဖောက်စွပ် ပြောင်းလဲထားသော ကားအစီးရေ ၂ဝဝ ကျော်ကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားရာ ရဲစခန်းအပ်နှံထားသည့်ကား ၄၅ စီးသာရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက သိရသည်။
Body Coach ပြောင်းလဲထားသည့်ကားများကို ၂ဝ၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၁၈) (င) နှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းမိန့်များ ချက်ခြင်းထုတ်ပြန်ဆောင်ရွက်လျှက်ရှိရာ ယာဉ်မှတ်ပုံတင် အထောက်အထား များအားလုံး ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် CVR၊ ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထောက်အထား VIS ၊ ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် VIC၊ မော်တော်ယာဉ် မှတ်ပုံတင်နံပါတ်ပြားကိုလည်း ဌာနမှ ချက်ခြင်းသိမ်းဆည်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းကာ ယာဉ်အားရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်ကညနက ကြေငြာထားရှိသည်။
"တစ်နိုင်ငံလုံးမှာ body coach ပြောင်းလဲထားတဲ့ ဖောက်စွပ်လုပ်ထားတဲ့ကားအစီးရေ ၂ဝဝ ကျော်ကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားတာရှိပါတယ်။ရဲစခန်းမှာသိမ်းဆည်းအပ်နှံထားတဲ့ကားများကို နိုင်ငံပိုင်သိမ်းဆည်းသွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးအစည်းအဝေး ဆုံးဖြတ်ချက်အရ body coach ပြောင်းယာဉ်(၂၁၃)စီးကို မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသော ယာဉ်စီးရေမှာ (၅ဝဝ)စီးမှ (၆ဝဝ)စီးခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
Regulation