ညာမောင်းကျောင်းကြို/ပို့ကားများ ဘယ်မောင်း school bus အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးမည်ဟုဆို

0

Full article

ယခု ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် school bus ကျောင်းကားစနစ် စတင်ပြေးဆွဲရာ၌ ကျောင်းကြို/ပို့လုပ်ငန်းအတွင်း ပြေးဆွဲမည့်သူများ လက်ရှိအသုံးပြုပြေးဆွဲနေသည့် ညာမောင်းကျောင်းကြို/ပို့ကားများနေရာတွင် ဘယ်မောင်း school bus များ အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။ ကျောင်းသား/သူများ စီးနင်းမည့် ကျောင်းကားပြေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်မည့်သူများအနေဖြင့် ဘယ်မောင်း school bus ကျောင်းကားများကို ကားအရောင်းစင်တာများထံမှဝယ်ယူပြီး ရန်ကုန်လိုင်စင်လျှောက်ထားရယူရာတွင် ယခင်ကတည်းက ကျောင်းကြို/ပို့လုပ်ငန်း လုပ်ကိုင်သူများကိုသာ ရန်ကုန်လိုင်စင်စလစ်ကပ်ရန်မလိုအပ်ဘဲ ခွင့်ပြုပေးမည်ဖြစ်ပြီး ကားဝယ်ယူထားသည့် အရောင်းအဝယ်စာချုပ်အား YRTA ထံသို့ တင်ပြလျှောက်ထား၍ က.ည.န ထံ ယာဉ်မှတ်ပုံတင် တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

"အခုဆွဲနေတဲ့ ညာမောင်းကားတွေက ဘယ်မောင်း school bus ကို အစားထိုးဝယ်ယူရမှာပါ။ ကျောင်းကားဝယ်ယူတာကို အချိန်ကတော့ အနည်းဆုံး ၃ လလောက် ပေးထားတယ်။ School bus ဘယ်မောင်းကို ဘယ်နေရာမှာပဲဝယ်ဝယ် ညာမောင်းကားတွေကနေ ဘယ်မောင်းကားအစားထိုးဝယ်တယ်ဆိုတဲ့ ကားဝယ်ထားတဲ့ စာချုပ်အထောက်အထားကိုတော့ YRTA ကို တင်ပြရမှာပါ။ အရောင်းစင်တာတွေကနေ ဘယ်မောင်းကျောင်းကားတွေ အစားထိုးဝယ်ယူတဲ့အခါ ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ကပ်ဖို့မလိုအပ်တော့ဘဲ ခွင့်ပြုပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၈-၂ဝ၁၉ စာသင်နှစ်တွင် ဘယ်မောင်းကျောင်းကားစနစ်ကိုစတင်ခဲ့ရာ အစိုးရအဖွဲ့မှ ဝယ်ယူထားသော ကျောင်းကား အစီး ၂ဝဝ အနက်၊ ကားအစီး ၆ဝ ကျော်ဖြင့် စတင်ပြေးဆွဲပေးခဲ့ပြီး စာသင်ကျောင်းများ၏ တောင်းဆိုမှုကြောင့် ညာမောင်းကားများကို ၁ နှစ် ပြေးဆွဲခွင့်ပေးခဲ့ရကြောင်း သိရသည်။

Author

Comments