ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းကို ပယ်ဖျက်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ပြောကြား

0

Full article

၂၀၂၀ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင်ပါရှိသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းကို ပယ်ဖျက်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ပြောကြားခဲ့သည်။


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးသည် ယင်းသို့ အခွန်နှုန်းထားလျှော့ချခြင်းသည် အခွန်ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်ရန်မသင့်ကြောင်းနှင့် တစ်နှစ်သာ ခွင့်ပြုပေးသည့်ကြောင်းကို ယခင်နှစ် ဥပဒေကြမ်းကို လွှတ်တော်တွင်ဆွေးနွေးစဉ်က ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးချက်များအရ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ထိုကဲ့သို့ အခွန်နှုန်းထားလျှော့ချကောက်ခံခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ အကျိုးသက်ရောက်စေရမည်ဟု ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုစဉ်က အခွန်နှုန်းထားလျှော့ချခြင်းသည် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုကောင်းမွန်လာစေရန်အတွက် ပြည်သူများလက်ဝယ်ရှိ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေများ ပြန်လည်ပေါ်ထွက်လာစေရန်နှင့် ပြည်ပတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသော နိုင်ငံသားများ၏ဝင်ငွေများ ပြန်လည် ဝင်ရောက်လာစေရန် ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဝင်ငွေခွန်လျှော့ချခြင်းသည် ငွေကြေးခဝါချမှုကို အထောက်အကူဖြစ်စေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ဝေဖန်ထောက်ပြခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသ ငွေကြေားခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့်အတွက် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ စံနှုန်းများကို လိုက်နာရကြောင်း၊ ထို့ကြောင့် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်နှုန်းထားများ လျှော့ချပေးခြင်းကို ပယ်ဖျက်ကာ မူလ အခွန်နှုန်းထားရှိရခြင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်( ၁၇ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။


၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်နှုန်းထားများမှာ ၁ ကျပ်မှ ၁၀၀,၀၀၀,၀၀၀ ကျပ်အထိကို ၃ ရာခိုင်နှုန်း၊ ၁၀၀,၀၀၀,၀၀၁ ကျပ်မှ ၃၀၀,၀၀၀,၀၀၀ ကျပ်အထိကို ၅ ရာခိုင်နှုန်း၊ ၃၀၀,၀၀၀,၀၀၁ ကျပ်မှ ၁,၀၀၀,၀၀၀,၀၀၀ ကျပ်အထိကို ၁၀ ရာခိုင်နှုန်း၊ ၁,၀၀၀,၀၀၀,၀၀၁ ကျပ်မှ ၃,၀၀၀,၀၀၀,၀၀၀ ကျပ်အထိကို ၁၅ ရာခိုင်နှုန်း၊ ၃,၀၀၀,၀၀၀,၀၀၁ ကျပ်နှင့်အထက်ကို ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားသည်။

Author