ပိုင်ရှင်ကိုယ်တိုင်လာရောက်ရန်မလိုတော့ဘဲ မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲနိုင်မည်

0

Full article

မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရာတွင် ပိုင်ရှင်ကိုယ်တိုင်လာရောက်ရန်မလိုတော့ဘဲ ဆောင်ရွက်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရာတွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ကညန၏လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပြီး ယခင်ကဲ့သို့ ပိုင်ရှင်ကိုယ်တိုင်လာရောက်ရန်မလိုတော့ဘဲ အမည်ပေါက်ပြောင်းလဲခြင်းကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးရှိရုံးများတွင် ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထိုသို့ ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲခြင်းလာရောက်ဆောင်ရွက်ရာတွင် ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်ပြီးကြောင်း အခွန်ပုံစံတွင် အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၁၀) မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူပြီးကြောင်း အခွန်ပုံစံနှင့်လုပ်ငန်း လာရောက်ဆောင်ရွက်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတင်ပြစေကာ အမည်ပေါက်ပြောင်းလဲမှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကညနအနေဖြင့် ခရီးလွန်ယာဉ်များ ယာဉ်စစ်ရာတွင် အဆင်ပြေ၊လွယ်ကူမြန်ဆန်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားကို စစ်ဆေးခြင်းမရှိတော့ဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Author