ယာဉ်အစီးရေ တိုးတက်များပြားလာသော်လည်း ဌာနဝန်ထမ်းဖွဲ့စည်းပုံမှာ လွန်ခဲ့သည့် ၁၀ နှစ်ကအတိုင်းသာရှိနေ

0

Full article

ယာဉ်စီးရေ တိုးတက်များပြားလာသော်လည်း ဌာနဝန်ထမ်းဖွဲ့စည်းပုံမှာ လွန်ခဲ့သည့် ၁၀ နှစ်ကအတိုင်းဖြစ်နေသည့်အတွက် ကညန ဝန်ထမ်းများအနေဖြင့် မနိုင်မနင်းဆောင်ရွက်နေကြရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

“လူမှုကွန်ယက်စာမျက်နှာတွေမှာ ကျွန်တော်တို့ရုံးအကြောင်းရေးထားတာတွေ တွေ့ရပါတယ်။ ယာဉ်စစ်တဲ့အချိန် အချို့ကားအမျိုးအစားတွေဟာ ဘောင်အမှတ်ကို ခဲခြစ်စစ်ဆေးရတဲ့အခါ ရေကာဖွင့်ရတာကြောင့် ကြန့်ကြာရတယ်ဆိုပြီးရေးကြပါတယ်။ ကြန့်ကြာတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ တမင်တကာ ကြာအောင်လုပ်တာမဟုတ်ပါဘူးဆိုတာ မီဒီယာကတစ်ဆင့်ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအခက်အခဲဖြစ်အောင်လုပ်တာမဟုတ်ပါဘူး။ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ လုပ်နေရတာပါ။ တစ်နေ့ကို ယာဉ်အစီးရေ တစ်ထောင်လောက်လာပါတယ်။ အဲဒီ အစီးရေ တစ်ထောင်လောက်ကို ယာဉ်စစ်ဝန်ထမ်းတွေရော အကူတွေပါ  တစ်ခါတစ်ရံ မနိုင်မနင်းနဲ့ ညနေ ၇ နာရီလောက်အထိအလုပ် လုပ်ပေးနေရပါတယ်။ ဝန်ထမ်းဖွဲ့စည်းပုံက လွန်ခဲ့တဲ့ ၁၀ နှစ်ကဖွဲ့စည်းပုံအတိုင်းဖြစ်နေပြီး တိုးတက်လာခြင်းမရှိပါဘူး။ ယာဉ်အစီးရေက လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ၅ ဆလောက် တိုးလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်ဆိုတာ မီဒီယာကတစ်ဆင့် ပြောကြားလိုပါတယ်။ ယာဉ်မှန်/မမှန် စစ်တဲ့အခါ မှန်တာကများပါတယ်။ ပိုင်ရှင်တွေက စိုးရိမ်တော့ လက်ပြောင်းလက်လွှဲတိုင်း လာစစ်ကြတာပေါ့။” ဟု YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၆/၂၀၁၉) တွင် တိုင်းညွှန်မှူးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကားအစီးရေ ၁,၀၉၀,၀၀၀ ကျော်ရှိကာ ရန်ကုန်တိုင်းတွင်မှတ်ပုံတင်ထားသော ယာဉ်အစီးရေ ၅၄၀,၀၀၀ ကျော် ရှိကြောင်းသိရပြီး ကညန ရုံးများသို့ တစ်ရက်လျှင် ယာဉ်စီးရေ ၁,၀၀၀ ခန့် နေ့စဉ်လာရောက်စစ်ဆေးနေကြကြောင်း၊ ယခင် online booking စနစ်မရှိခင် အချိန်တွင် တန်းစီနေသောယာဉ်များကြောင့် ကညန ရုံးများရှေ့တွင် ယာဉ်ကြောများကျပ်တည်းခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး online booking စနစ် စတင်ကျင့်သုံးမှသာ အဆိုပါ ရုံးရှေ့ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

Zing

Author