ဝန်ထမ်းပါမစ်ကိစ္စရပ်အား ရပ်ဆိုင်းထားဆဲဟု ဦးဇော်ဌေးမှ ထပ်မံပြောကြား

0

Full article

ဝန်ထမ်းပါမစ်ကိစ္စရပ်အား ရပ်ဆိုင်းထားဆဲဖြစ်ပြီး SKD ထုတ်လုပ်မှုများ၊ Showrooms များ၊ ပြည်ပမှ ကားတင်သွင်းမှုနှင့် ပြန်လည်ရောင်းချရမှု စသည့် သုံးသပ်မှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ပြောထားတာက ဒါတွေကိုရပ်ဆိုင်းထားပါတယ်။ အခုသုံးသပ်ချက်တွေလုပ်နေတုန်းပဲရှိပါသေးတယ်။ အဓိကကတော့ ပြည်တွင်းမှာထုတ်လုပ်တပ်ဆင်တဲ့ SKD ကုမ္ပဏီတွေရှိတယ်။ နောက် Showrooms တွေရှိတယ်။ နောက် ပြည်ပကနေ တစ်နှစ်တစ်နှစ်တင်သွင်းတဲ့ ကားအရေအတွက်၊ နောက် ပြည်တွင်းမှာရောင်းချရတဲ့ ကားအရေအတွက် အသေးစိတ်၊ ဒီအပေါ်မှာ ဈေးကွက်အနေအထားတွေကိုသုံးသပ်နေပါတယ်။ ကျွန်တော်တို့ပေးလိုက်ရင် ပင်စင်စားဘယ်နှစ်ယောက်ကိုပေးရမလဲ စတာတွေကို ပြန်တွက်နေပါတယ်။ လောလောဆယ်တော့ လေ့လာသုံးသပ်ဆဲဖြစ်ပါတယ်။ ဒါကြောင့် ရပ်ဆိုင်းထားဆဲဖြစ်ပါတယ်။” ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်ပြုလုပ်သော နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသို့ပြောကြားခဲ့သည်။
ထပ်မံပြီး မီဒီယာများမှ “ယာယီရပ်ဆိုင်းထားခြင်းလား၊ အပြီးတိုင်လား၊ ပြန်ပေးရန်အစီအစဉ် ရှိ/မရှိ” ဟူသောမေးခွန်းကို
“ကျွန်တော်ပြောတာက ရပ်ဆိုင်းထားတယ်၊ သုံးသပ်ချက်အပေါ်မူတည်ပြီးဆောင်ရွက်သွားမှာပါ” ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။

Author