ဝန်ထမ်းကောင်းများကို မော်တော်ကားတင်သွင်းခွင့်ပေးမည့်ကိစ္စမှာ ပြီးဆုံးသွားပြီဟု ပြော၍မရသေးပဲ ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ

0

Full article

လုပ်သက် ၂၆ နှစ်နှင့်အထက် ဝန်ထမ်းကောင်းလက်မှတ်ရရှိသည့် ဝန်ထမ်းများကို မော်တော်ကားတင်သွင်းခွင့်ပေးမည့်ကိစ္စမှာ ပြီးဆုံးသွားပြီဟု ပြော၍မရသေးဘဲ ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ပြောကြားခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီကန့်ကွက်ချက်ကို နိုင်ငံတော်သမ္မတရုံးကိုတင်ပြပြီး ရှေ့နေချုပ်ရုံးကတစ်ဆင့် အကြောင်းပြန်ကြားထားပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဒီကိစ္စကို ပြီးဆုံးသွားပြီလို့ပြောလို့မရသေးပါဘူး။ ဒါကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီးအကောင်အထည်ဖော်ဖို့ ရှိနေပါတယ်လို့ပြောချင်ပါတယ်။ ဒီကိစ္စဟာ မပျက်ပျယ်သေးပါဘူး။”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြးခဲ့သည်။

လုပ်သက် ၂၅ နှစ်နှင့်အထက် နိုင်ငံဝန်ထမ်းနှင့်ပြည်သူ့ဝန်ထမ်းကောင်းများကို မော်တော်ကားတင်သွင်းခွင့်ပေးမည့်ကိစ္စရပ်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် ကန့်ကွက်မှုများရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးမှ အဆိုပါကိစ္စကို နှုတ်မိန့်ဖြင့်ဆိုင်းငံ့ထားပြီး ပြည်တွင်း SKD များ၊ လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ်ဈေးကွက်၊ နိုင်ငံအခွန်များအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် ပြန်လည်သုံးသပ်သွားမည်ဟု ပြောကြားခဲ့သည်။

Author