ဘဏ်များအားလုံး ငွေထုတ်ပေးခြင်းနှင့် နေ့စဉ်ဝန်ဆောင်မှုများကို ပုံမှန်ဘဏ်ဖွင့်ရက်များအတိုင်း ဆောင်ရွက်သွားရန်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ATM များတွင်လည်း ငွေမပြတ် ထုတ်ယူနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားထား

0

Full article

ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်သူများအားလုံးအား ငွေထုတ်ပေးခြင်းနှင့် နေ့စဉ်ဝန်ဆောင်မှုများကို ပုံမှန်ဘဏ်ဖွင့်ရက်များအတိုင်း ဆောင်ရွက်သွားရန်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ATM များတွင်လည်း ငွေမပြတ် ထုတ်ယူနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားထားကြောင်းသိရသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် ကြီးကြပ်လျက်ရှိရာ မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်သွားရန်အစီအမံများထားရှိသည်။ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများကြိုတင်ပြုလုပ်ကြရန်ကိုလည်း ဘဏ်များအားလုံးသို့ ၁၃.၃.၂၀၂၀ ရက်နေ့ကတည်းက ညွှန်ကြားထားခဲ့ပြီးဖြစ်ပါသည်။ ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်သူပြည်သူများအား ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အများပြည်သူတို့ ငွေပေးချေမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန်စေရန် မိုဘိုင်းငွေရေးကြေးရေး၊ ဝန်ဆောင်မှုလုပ်ငန်းများကို ငွေလွှဲငွေပို့ခြင်းများအတွက် ပုံမှန်ထက် ပမာဏတိုးမြှင့်ဆောင်ရွက်ခွင့်ပြုပြီး ဘဏ်ခွဲများတွင်သာမက အလိုအလျောက်ငွေထုတ်စက် (ATM) များတွင်လည်း အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေးအတွက် ဗဟိုဘဏ်မှ ညွှန်ကြားထားပါကြောင်း အသိပေးကြေညာထားသည်။


၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့ညတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါရှိသူ ၂ ဦး တွေ့ရှိကြောင်း သတင်းထုတ်ပြန်ပြီးနောက် ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုသော ငွေသားထုတ်ယူမှုများရှိခဲ့ကြောင်းသိရသည်။

Author