COVID-19 အရေးပေါ်အခြေအနေနဲ့ အီတလီ ဘီလီယံနာ Agnelli မိသားစု

0

Full article

Agnelli မိသားစုဆိုတာ အီတလီမော်တော်ကားထုတ်လုပ်ရေးလောကမှာတော့ တကယ့်ကို ဆရာကြီးပါပဲ။ Fiat S.P.A. ကတော့ Agnelli မိသားစုပိုင် မူရင်းကုမ္ပဏီဖြစ်ပြီး ၁၈၉၉ ခုနှစ် ဂျူလိုင်လ ၁၁ ရက်နေ့တုန်းက အီတလီကမ္ဘာကျော် ဘောလုံးကလပ် ဂျူဗင်တပ်အသင်းအခြေစိုက်ရာ တူရင်မြို့မှာ Giovanni Agnelli က စတင်တည်ထောင်ခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ Agnelli မိသားစုဟာ နိုင်ငံတကာမော်တော်ကားထုတ်လုပ်ရေးလောကမှာ ကမ္ဘာကျော်အမှတ်တံဆိပ်များစွာရဲ့ပိုင်ရှင် ဖြစ်နေခဲ့ပါပြီ။

Agnelli မိသားစုပိုင်တွေဖြစ်ကြတဲ့

Fiat Group Automobiles ရဲ့လက်အောက်မှာဆိုရင်

  • Abarth
  • Alfa Romeo
  • Fiat
  • Lancia လိုမျိုး ထိပ်တန်းမော်တော်ယာဉ်အမှတ်တံဆိပ်တွေရှိနေသလို

Chrysler Group ရဲ့လက်အောက်မှာလည်း

  • Chrysler
  • Dodge
  • Jeep စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေရှိနေပါတယ်။

အဲဒါတွေပိုထူးတာကတော့ နာမည်ကျော် Ferrari ကို ၉၀% ပိုင်ဆိုင်ထားပြီး Maserati အမှတ်တံဆိပ်ကိုလည်း Agnelli မိသားစုကပဲပိုင်ဆိုင်ထားတာပါ။​ တစ်ပါတည်းထည့်ပြောရရင် အီတလီရဲ့ ဂန္ထဝင်အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်ကိုလည်း Agnelli မိသားစုကပဲပိုင်ဆိုင်ပါတယ်။

COVID-19 နဲ့ပတ်သက်ရင်တော့ အားလုံးသိကြတဲ့အတိုင်း အီတလီနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ဆုံးရှုံးမှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၁၈/၃/၂၀၂၀ စာရင်းအရဆိုရင် အီတလီနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၃၅,၇၁၃ အထိရှိနေပြီး သေဆုံးသူပေါင်း ၂,၉၇၆ အထိရှိနေပါပြီ။ COVID-19 ကူးစက်ခံထားရတဲ့သူတွေထဲမှာ Agnelli မိသားစုပိုင် ဂျူဗင်တပ်အသင်းက ကမ္ဘာကျော် ဘောလုံးသမားတချို့တောင် ပါဝင်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ Agnelli မိသားစုဟာ COVID-19 အရေးပေါ်အခြေအနေအတွက် အရေးပေါ်တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ Agnelli မိသားစု ဟာ အီတလီမြို့ပြကာကွယ်စောင့်ရှောက်ရေးဌာန (Italian Civil Protection Department) နဲ့ပူးပေါင်းပြီး အီတလီ နိုင်ငံ့ကျန်းမာရေးဝန်ဆောင်မှုအတွက် လိုအပ်တဲ့ အကူအညီတွေကို လိုအပ်သလောက် အထောက်အပံ့ပေးသွားမှာဖြစ်ပြီး အနာဂတ်မှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသေးစိတ်အနေနဲ့ကတော့

  • Agnelli မိသားစုဟာ အီတလီမြို့ပြကာကွယ်စောင့်ရှောက်ရေးဌာနကို ယူရို ၁၀ သန်း လှူဒါန်းလိုက်ပြီး တူရင်နဲ့ ပီးမောင့် မြို့ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့ နိုင်ငံအဆင့် အရေးအပေါ်အခြေအနေတွေကို စီမံခန့်ခွဲရာမှာ အထောက်ပံ့ဖြစ်စေဖို့ပါ။​
  • Agnelli မိသားစုကပဲ ထိန်းချုပ်လျက်ရှိတဲ့ EXOR ကုမ္ပဏီနဲ့ သူ့ရဲ့လက်အောက်ခံကုမ္ပဏီတွေဖြစ်ကြတဲ့ FCA (Fiat Chrysler Automobiles) ၊ Ferrari နဲ့ CNH ကုမ္ပဏီတွေနဲ့အတူ အခြားကုမ္ပဏီတွေဖြစ်ကြတဲ့ Ermenegildo Zegna နဲ့ Pesenti Group တို့ပူးပေါင်းပြီးလည်း ventilators (အသက်ရှုကရိယာ) နဲ့ လိုအပ်တဲ့ဆေးပညာဆိုင်ရာ ပစ္စည်းကရိယာတွေကိုလည်း ရှာဖွေဝယ်ယူ ထောက်ပံ့ပေးသွားဦးမှာလည်းဖြစ်ပါတယ်။
  • ရေရှည် မော်တော်ယာဉ်ငှားရမ်းတဲ့ကုမ္ပဏီဖြစ်တဲ့ Leasys (FCA ဘဏ်) ကလည်း အီတလီ ကြက်ခြေနီအသင်းနဲ့ ANPAS (the Italian National Association for Public Assistance) ကို မော်တော်ကားတွေထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဖျားနာနေတဲ့သူတွေနဲ့ အသက်အရွယ်ကြီးရင့်ပြီး အကူအညီလိုအပ်တဲ့သူတွေကို ဆေးဝါးရိက္ခာတွေ ပို့ဆောင်ဖို့ အလျင်အမြန်ပို့ဆောင်နိုင်ဖို့ဖြစ်ပါတယ်။
  • EXOR ၊ FCA ၊ Ferrari နဲ့ CNH တို့ဟာ အီတလီ မြို့ပြ ကာကွယ်စောင့်ရှောက်ရေးဌာနနဲ့ ဆက်လက်ပူးပေါင်းပြီး လိုအပ်နေတဲ့နေရာတွေမှာ လိုအပ်တဲ့ ဆေးဝါးပစ္စည်းကရိယာတွေရရှိစေဖို့အတွက် ရှာဖွေကင်းထောက်လုပ်ငန်းတွေကိုလည်း နိုင်ငံအနှံ့ အခမဲ့လုပ်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။

COVID-19 ခေါ်  coronavirus ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့ပြီး လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကူးစက် ပျံ့နှံ့လျက်ရှိပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရ စုစုပေါင်း ကူးစက်ခံထားရသူပေါင်း ၂၀၇,၈၆၀ ဦးအထိရှိနေပြီဖြစ်ပြီး သေဆုံးသူပေါင်း ၈,၆၅၇ ဦးအထိရှိနေပါပြီ။ နောက်ဆုံးရသတင်းများအရ ယနေ့ (၁၉/၃/၂၀၂၀) မှာတော့ ဝူဟန်မြို့မှာ COVID-19 ထပ်မံကူးစက်ခံရသူ တစ်ယောက်မှ မရှိတော့ပါလို့ တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ coronavirus ကို အဆိုးရွားဆုံးခံစားနေတဲ့နိုင်ငံဟာ အီတလီနိုင်ငံဖြစ်လာပြီး ကျန်တဲ့ဥရောပနိုင်ငံတွေမှာလည်း ဆိုးဆိုးရွားရွားကူးစက်ပျံ့ပွားလျက်ရှိနေတာပါ။ မလေးရှား (ကူးစက်ခံရသူ ၆၇၃ ဦး၊ သေဆုံးသူ ၂ ဦး) နဲ့ စင်ကာပူ (၃၁၃ ဦး၊ သေဆုံးသူ မရှိ) လိုမျိုး အရှေ့တောင်အာရှမှာလည်း coronavirus ကူးစက်နှုန်း မြင့်မားလာတာကိုတွေ့ရတဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း အလွန်အမင်းကြောက်ရွံ့စရာမလိုပေမဲ့ အသိစိတ်အပြည့်နဲ့ သတိကြီးကြီးထားရမယ့်အချိန်ပါလို့ ဖြည့်စွက်တင်ပြချင်ပါတယ်။​

Ref: The Agnelli Family and its Companies respond to the COVID-19 Emergency

Ref: Novel Coronavirus (COVID-19) Situation

Author