မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယဉ်များအသင်း (Myanmar Container Truck Association) ၏ သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့ Sky Star Hotel တွင် ကျင်းခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များနှင့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် MCTA ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းဥက္ကဋ္ဌ မှ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန် အသင်းဝင်များကို International Operator License ရယူနိုင်ရေးကိစ္စရပ်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် သယ်ယူပို့ဆောင်ခများ တည်ငြိမ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောပြေးဆွဲကာလအတွင်း အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်မှု များပြားသည့်ကာလများနှင့် အရေးကြီးကုန်စည်များ အချိန်မီသယ်ယူပို့ဆောင်နိုင်ရန်အတွက် ဖြတ်သန်းမောင်းနှင်ချိန်တိုးမြှင့်ပေးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ အသင်းဝင်များမှတင်ပြလာသည့် စက်မှုဇုန်များအတွင်းလုပ်ငန်းဆောင်ရွက်ရာတွင်နှင့် ဆိပ်ကမ်း၊ ICD များတွင်ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် ကြန့်ကြာမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြခြင်း၊ အကြံပြုခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိနေပြီး လာမည့်အနာဂါတ်တွင်လည်း Logistics ကုမ္ပဏီများဖွဲ့စည်းကာ အသင်းဝင်များဖြင့် အစုအဖွဲ့ကုမ္ပဏီများများအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းကို ၂၀၀၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းဝင်ဂိတ်ပေါင်း (၈၁) ဂိတ်နှင့် အသင်းဝင်ယာဉ်ပေါင်း ၂၄၂၄ စီး၊ အသင်းသား ၅၃၂ ဦးရှိနေကြောင်းသိရသည်။