SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသောကားများ အရည်အသွေးပြည့်မီမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်

0

Full article

ပြည်တွင်း၌ရှိနေသော မော်တော်ယာဉ်များအား အစိတ်အပိုင်းများတပ်ဆင်ထုတ်လုပ်နေသည့် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသောကားများကို အရည်အသွေးပြည့်မီမှု ရှိ/မရှိ အသိမပေးဘဲ ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

“ကားတပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်ကို safety အပိုင်းတွေ၊ အစိတ်အပိုင်းတွေ၊ inspection equipments တွေဘယ်လိုလုပ်ထားတယ်ဆိုတာ၊ သတ်မှတ်ချက်တွေနဲ့ ပြည့်မီမှု ရှိ/မရှိဆိုတာကို ကားအစီး ၁၀၀ ထုတ်လုပ်ပြီးရင် စစ်ဆေးနေပါတယ်။ အဲဒီလိုစစ်ဆေးပြီးသွားရင် အစီး ၁၀၀ ကို ကျေနပ်ပြီဆိုတော့မှ စက်မှုဝန်ကြီးဌာနကနေ COA ထုတ်မှာပါ။ မြန်မာနိုင်ငံမှာ အမှန်အကန်တပ်ဆင်တဲ့အတွက် ကားတစ်မျိုးစီရဲ့ ပထမဆုံးအစီးတစ်ရာကို စက်မှုဝန်ကြီးဌာနကနေ စစ်ဆေးပြီး သတ်မှတ်စံနှုန်းပြည့်မီတဲ့အတွက် COA ထုတ်ပေးခဲ့တာ ကားအစီး ၃ ထောင်ကျော်ရှိပါပြီ။” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မောက်မယ်မဲဆန္ဒနယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းမှ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင်ထုတ်လုပ်သည့်စနစ် SKD ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီး မော်တော်ယာဉ်များ၏ အရည်အသွေးကြံ့ခိုင်ကောင်းမွန်မှု (Quality control) ကို မည်ကဲ့သို့ ထိန်းချုပ်ထားပါသနည်းအဆိုအား မေးမြန်းခဲ့ရာတွင်လည်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ “မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍမှာ အချိန်အတိုအတွင်း ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနဲ့ ဈေးကွက်ဝင်ထုတ်လုပ်မှုစနစ်ဖြစ်တဲ့ SKD စနစ်နဲ့ စတင်ထုတ်လုပ်တပ်ဆင်မှုရှိနေကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ MIC ရဲ့ခွင့်ပြုချက် ရယူရန်လိုအပ်ပြီး ၎င်းခွင့်ပြုချက်များအတိုင်းထုတ်လုပ်မှုလုပ်ငန်းများစတင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီစုစုပေါင်း ၉ ခုနဲ့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ကုမ္ပဏီ ၇ ခုနဲ့ စုစုပေါင်း ၁၆ ခုရှိပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ လယ်ယာသုံးစက်ပစ္စည်းများရဲ့ အရည်အသွေးကောင်းမွန်စေရေးအတွက် လယ်ယာသုံးစက်ပစ္စည်းများကြီးကြပ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားရှိခဲ့ပြီး ပူးပေါင်းစစ်ဆေးကာ Certificate of Approval (COA) ထုတ်ပေးခြင်းကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာမှာ ယနေ့အထိ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်တဲ့ မော်တော်ယာဉ်စုစုပေါင်း ၃,၇၀၀ စီးကို COA များ ထုတ်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထုတ်လုပ်မှုအတွက် တင်သွင်းလာတဲ့ စက်အစိတ်အပိုင်းတွေဟာ MIC ရဲ့ခွင့်ပြုအမျိုးအစားများဖြစ်ကြောင်း၊ မူရင်းထုတ်လုပ်တဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီကြောင်း၊ ပစ္စည်းအသစ် Brand New များဖြစ်ကြောင်း၊ သတ်မှတ်ဥပဒေများအတိုင်း တင်သွင်းမှုနဲ့ကိုက်ညီကြောင်း စတဲ့ အခြေခံအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခြင်း၊ မူရင်းထုတ်လုပ်တဲ့ Inspection certificate အထောက်အထားတွေနဲ့ စနစ်တကျ စစ်ဆေးခြင်း၊ စမ်းသပ် မောင်းနှင်ခြင်းတွေ ပြုလုပ်ပြီးမှသာလျှင် သတ်မှတ်စစ်ဆေးချက်တွေနဲ့ ကိုက်ညီမှုရှိမှသာ COA များကို ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့စက်ပစ္စည်း၊ စက်ကိရိယာများ၊ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊ စံချိန်စံညွှန်းများနဲ့ လိုက်နာမှုရှိ/မရှိ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ စက်များ၏ တိကျမှန်ကန်မှုနဲ့ အခြေအနေများအားလုံးကို ကြပ်မတ်စစ်ဆေးထိန်းချုပ်ပေးနေလျက်ရှိပါတယ်။” ဟု ဖြေကြားထားရှိသည်။

Author