အဆိုပါ တံတားသစ်အား ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ချိတ်ဆက် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲရေး အဖွဲ့(YUTRA) မှ စစ်တမ်းကောက်ယူနေကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အတွက်ရေးဆွဲထားတဲ့ နှစ်အလိုက် စီမံကိန်းတွေထဲက အခု ၂ဝ၁၄ ဆိုရင် ရှစ်မိုင်၊ မြေနီကုန်းမီးပွိုင့်တွေမှာ အချက်ပြစနစ်တွေပြောင်းပြီး တပ်ဆင်ဖို့ နဲ့ သာကေတ တံတားသစ် တည်ဆောက်ဖို့ ရှိပါတယ်၊ သီလဝါဆိပ်ကမ်း ဘက်ကလာမယ့် ကုန်စည်တွေ ကူးသန်းပို့ဆောင်တဲ့အခါ ယာဉ်မကျပ်အောင်ပါ၊ အဓိက ရည်ရွယ်တာကတော့ ကုန်စည်တင်ယာဉ်တွေပဲ၊ ၂ဝ၁၅ ဆို ရင် ကုန်စည်တင်ယာဉ်တွေ ပိုများလာမယ်၊ ဒီအတွက် ကြိုတင်ပြင် ဆင်ထားတာပါ ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေး ဝန်ကြီးဦးအောင်ခင် ကပြောသည်။ ယခု ထပ်မံတည်ဆောက်မည့် မြစ်ကူးတံတားသစ်တည်ဆောက်ရေး အတွက် စစ်တမ်းကောက်ယူမှုများကို ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ အရင်က တည်ဆောက်ထားတဲ့ မြစ်ကူးတံတား အများစုက တံတားခံနိုင်ရည် တန်ခြောက်ဆယ် လောက်ပဲရှိတယ်၊ အခု ဆောက်မယ့်တံတားက ကုန်စည်တင်ယာဉ်တွေကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အနည်းဆုံး ခံနိုင်ရည် တန်ကိုးဆယ်နဲ့ အထက်ကိုပဲ တည်ဆောက်မှာပါဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ ဒုတိယဌာနမှူးက ပြောသည်။
Ref: Automobile