မတ်လအတွင်း နေရာသစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် သန်လျင် ကညန ရုံး

0

Full article

သန်လျင်-သီလဝါလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း လမ်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် သန်လျင် ကညန တောင်ပိုင်းခရိုင်ရုံးတွင် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများအား မတ်လ ၄ ရက်နေ့မှစတင်၍ သီလဝါလမ်းမကြီးနှင့် ဖွံ့ဖြိုးရေးလမ်းထောင့်ရှိ ရုံးမြေနေရာသစ်တွင် ပြောင်းရွှေ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

သန်လျင် ကညန တောင်ပိုင်းခရိုင်ရုံး၌ မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းအား လက်ရှိဆောင်ရွက်နေသော ရုံးအဟောင်းနေရာမှ အမှတ် ၉၈၃ သီလဝါလမ်းမကြီးနှင့် ဖွံ့ဖြိုးရေး လမ်းထောင့်ရှိ ရုံးမြေနေရာအသစ်တွင်ပြောင်းရွှေ့ဆောင်ရွက်ပေးမည်ဖြစ်ရာ ယာဉ်စစ်ဆေးပြီးပါက ယာဉ်မှတ်ပုံတင်လုပ်ငန်းများကို ရုံးအဟောင်းတွင် ပုံမှန်အတိုင်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"သန်လျင် ကညန တောင်ပိုင်းခရိုင်ရုံးမှာ ယာဉ်စစ်ဆေးတာကို မတ်လ ၄ ရက်နေ့ကစပြီး လက်ရှိဆောင်ရွက်နေတဲ့ ရုံးအဟောင်းနေရာကနေ သီလဝါလမ်းမကြီးက ရုံးမြေနေရာအသစ်မှာ ပြောင်းရွှေ့ဆောင်ရွက်ပေးမှာပါ။ ယာဉ်မှတ်ပုံတင်တာကိုလည်း မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ ညွှန်ကြားထားပါတယ်။ ယာဉ်စစ်ဆေးမယ့် ကားတွေအနေနဲ့ ပြောင်းရွှေ့သွားတဲ့နေရာကို တန်းသွားပေးကြဖို့လိုပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းအား လုပ်ဆောင်မည့်ယာဉ်ပိုင်ရှင်များအနေဖြင့် သန်လျင် ကညန ရုံးဝင်းအဟောင်း၏ရှေ့ လမ်းမကြီးပေါ်တွင် ယာဉ်များရပ်နားခြင်းမပြုပါရန်နှင့် ပြောင်းရွှေ့သွားသော မြေနေရာသစ်တွင် ယာဉ်စစ်ဆေးရန် သွားရောက်တန်းစီ စောင့်ဆိုင်းပေးပါရန် အသိပေးကြေညာထားသည်။

Author