Tesla မှ Model S ကားများအတွက် အလိုအလျှောက်မောင်းနှင်သည့် Software ထုတ်ပေး

0

Full article

လျှပ်စစ်ကားကုမ္ပဏီဖြစ်သော Tesla မှ Model S ကားများအတွက် အလိုအလျောက်မောင်းနှင်နိုင်သည့် Software Update 7.0 ကို ထုတ်ပေးခဲ့ကြောင်း သိရပါတယ်.။ Model S ကားများကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စတင်ပြီး လိုအပ်တဲ့ Sensor တွေ တပ်ဆင်ပေးနေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အဆိုပါ Sensor များကို အသုံးပြုပြီး အလိုအလျှောက်မောင်းနှင်မှုတွေ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်.။

Model S ရဲ့ ဒီစနစ်ဟာ Google မှ စမ်းသပ်နေတဲ့ ကားကဲ့သို့ လုံးဝ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်.။ အဓိက ပါဝင်လာတဲ့ Feature မှာ Autosteer လို့ အမည်ပေးထားတဲ့ Feature ဖြစ်ပြီး လမ်းမကြီးပေါ်ကို ကားရောက်ရှိတဲ့အချိန်မှာ လက်ရှိသွားနေတဲ့ လမ်းကြောင်းအတိုင်း မပြောင်းလဲဘဲ မောင်းနှင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်.။ Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ကတော့ ဒီ Feature ဟာ စမ်းသပ်အဆင့် "beta" သာ ဖြစ်ပြီး ကားမောင်းနှင်သူများအနေနဲ့ အန္တရာယ်ကင်းရှင်းစေဖို့ ခါးပတ်များပတ်ထားကြဖို့နဲ့ လက်ကို မလွှတ်ဘဲ Steering ကို ကိုင်ထားကြဖို့ သတိပေးထားပါတယ်.။

အသစ်ထွက်ရှိမယ့် Update ဖြစ်တဲ့ 7.1 မှာတော့ အခြား Feature အသစ်တွေ ဖြစ်တဲ့ ကားကို ကားဂိုဒေါင်ဆီသို့ အလိုအလျောက် စေလွှတ်နိုင်ခြင်း၊ ကားဂိုဒေါင်တွင်းမှ ထွက်ပြီး မောင်းနှင်သူဆီသို့ အလိုအလျောက် လာရောက်အောင် ခိုင်းစေနိုင်ခြင်း အစရှိတဲ့ Feature တွေကိုပါ ရရှိလာမယ်လို့ ဆိုပါတယ်.။

ဒီ အလိုအလျောက်မောင်းနှင်နိုင်တဲ့ Feature များဟာ စမ်းသပ်အဆင့်သာ ရှိသေးပြီး ကားအက်ဆီးဒင့်ကဲ့သို့ ကိစ္စမျိုးဖြစ်ခဲ့ရင် ကားမောင်းသူမှာသာ တာဝန်ရှိတယ်လို့ Elon Musk က ဆိုပါတယ်.။ ကားတွေအနေနဲ့ လုံးဝထိန်းသိမ်းစရာ မလိုတော့ဘဲ အလိုအလျောက် မောင်းနိုင်တဲ့ အချိန်တစ်ခုရောက်ဖို့ကတော့ စောင့်ရပါဦးမယ်လို့ သူက ဖြည့်စွက်ပြောသွားပါသေးတယ်.။

အခုထုတ်လုပ်ပေးလိုက်တဲ့ 7.0 update မှာ အထက်မှာဖော်ပြထားတဲ့ Autosteer အပြင် အခြား Feature များအဖြစ် လမ်းကြောင်းပြောင်းခလုတ်ကို နှိပ်တဲ့အခါ အခြားလမ်းကြောင်းကို ပြောင်းလဲရယူပေးနိုင်ခြင်း၊ အလိုအလျောက် ပါကင်ထိုးနိုင်ခြင်း၊ အက်ဆီးဒင့်ဖြစ်လာနိုင်စရာ အခြေအနေတွေမှာ Steering ကို အလိုအလျောက် ထိန်းသိမ်းပေးခြင်း၊ ဘေးမှဝင်လာမယ့် အန္တရာယ်များကို မောင်းနှင်သူအား သတိပေးခြင်း အစရှိတဲ့ Feature များလဲ ပါဝင်ဦးမှာဖြစ်ပါတယ်.။

လတ်တလောမှာ ဒီစနစ်ကို Model S တွေမှာသာ အသုံးပြုနိုင်သေးပေမယ့် တူညီတဲ့ Sensor စနစ်တွေ တပ်ဆင်ထားပြီးသားဖြစ်တဲ့ Model X တွေမှာလဲ မကြာခင်အချိန်အတွင်း ရရှိနိုင်တော့မယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျာ.။

Software Update ရရှိပြီး စမ်းသပ်မောင်းနှင်နေကြပြီဖြစ်တဲ့ Model S ပိုင်ရှင်များရဲ့ Video ကိုတော့ အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်.။

http://www.businessinsider.com/tesla-new-autopilot-feature-software-update-self-driving-car-2015-10

Written by: အောင်မွန်ချမ်း

Ref: The Verge, Business Insider

www.carsdb.com

No. 1 Car Site in Myanmar

Author