Model X ဟာ ခုံသုံးတန်း ပါဝင်တဲ့ ဧရိယာကျယ်ဝန်းတဲ့ ကားတစ်စီးဖြစ်ပြီး လူ (၇) ယောက်အထိ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်.။ ကားတံခါးဖွင့်လှစ်ရာမှာ အပေါ်ကိုမြောက်တက်သွားတဲ့ အတောင်ပံပုံစံ ဒီဇိုင်းဖြစ်ပြီး နောက်ခုံတန်းတွေကို အဝင်အထွက်ပြုလုပ်ရာမှာလဲ လွယ်ကူတာကို တွေ့ရပါတယ်.။ ဒုတိယခုံတန်းကို ခေါက်သိမ်းပြီး ပစ္စည်းတင်နိုင်သလို အနောက်ဖုံးဟာလဲ ကျယ်ဝန်းပါတယ်.။ ဒါတင်မကသေးပါဘူး.။ အမိုးနိမ့်တဲ့နေရာတွေမှာ အတောင်ပုံဒီဇိုင်း တံခါးတွေမှာ တပ်ဆင်ထားတဲ့ Sensor တွေကတဆင့် သိရှိနိုင်ပြီး အမိုးနဲ့ တိုက်မိခြင်းမရှိအောင် အလိုအလျောက် ထိန်းချုပ်ထားနိုင်ပါတယ်.။ ဒါ့အပြင် ကားမောင်းသူအပြင်မှာ ရှိနေတဲ့အချိန်မှာလဲ မောင်းသူရဲ့ တည်နေရာကို အလိုအလျောက်သိရှိနိုင်ပြီး ကားမောင်းသူက ကားအနားကိုရောက်လာတဲ့အခါ မောင်းသူနဲ့ တည့်တည့်နေရာကို အလိုအလျောက် ရှေ့တိုးပြီး ကားတံခါးကို အလိုအလျောက်ဖွင့်ပေးနိုင်စွမ်းလဲ ရှိပါတယ်.။
Tesla ဟာ Model X ကို ကမ္ဘာ့အန္တရာယ်အကင်းဆုံး SUV လို့ ကြေညာခဲ့ပြီး ကြေညာထားတဲ့အတိုင်းပဲ ကောင်းမွန်တာကိုတွေ့ရပါတယ်.။ Model X ကိုမောင်းနှင်ပြီး Accident တစ်ခုခုဖြစ်ခဲ့ရင် မောင်းနှင်သူကို ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့ ရာခိုင်နှုန်းက (၅) ရာခိုင်နှုန်းပဲ ရှိပါတယ်.။ ကုမ္ပဏီရဲ့ အဆိုအရ ဒါဟာ အရှေ့ဘက်မှာရှိတဲ့ ဧရိယာကျယ်ဝန်းမှုကြောင့် နဲ့ သေးငယ်တဲ့ အင်ဂျင်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်.။ ဒါ့အပြင် ဘေးဘက်က အတိုက်ခံရတဲ့အခါ ထိခိုက်ပျက်စီးမှုနှုန်းဟာလဲ အတော်လေးကို နည်းတာတွေ့ရပြီး အက်စီးဒင့်ကြောင့် ကားလိမ့်သွားနိုင်ချေဟာလဲ အခြား SUV တွေရဲ့ ထက်ဝက်လောက်သာ ရှိတာကို တွေ့ရပါတယ်.။ ဒါတွေအပြင် ရေဒါ နဲ့ ultrasonic sensor တွေကို အသုံးပြုပြီး ကားမတိုက်မိခင်မှာ အရေးပေါ်ဘရိတ် အလိုအလျောက်အုပ်ပေးနိုင်တဲ့ စနစ်တွေလဲ ပါဝင်တဲ့အတွက် Model X ဟာ ကားအက်စီးဒင့်ဖြစ်ဖို့ ရာခိုင်နှုန်း အတော်နည်းတာကို တွေ့ရပါတယ်.။
ကားရဲ့ အဲကွန်းစနစ်ဟာလဲ အထူးပြုလုပ်ထားတဲ့ HEPA filter ကို အသုံးပြုထားပြီး ကားအတွင်း ရောဂါပိုးမွှားတွေ၊ မသန့်ရှင်းတဲ့ လေတွေ မဝင်ရောက်နိုင်အောင် တားဆီးတဲ့စနစ်ဟာ ဆေးရုံတွေမှာ သုံးစွဲတဲ့ စနစ်နဲ့ အတူတူပဲဖြစ်တဲ့အတွက် ကားအတွင်းလိုက်ပါသူတွေရဲ့ ကျန်းမာရေးကိုလဲ စိတ်ချရအောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်.။ Model X ဟာ 2013 ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပေမယ့် ထုတ်လုပ်မှု နှောင့်နှေးခဲ့ပြီး ယခုအချိန်မှ အပြည့်စုံဆုံး စနစ်တွေနဲ့ ပွဲထွက်လာတာဖြစ်ပါတယ်.။
Tesla ဟာ Model X ကို ကြိုတင်မှာယူထားသူများထံသို့ မကြာခင်တင်ပို့သွားတော့မှာဖြစ်ပြီး အခြေခံဈေးနှုန်း $100,000 နဲ့ ဈေးအကြီးဆုံး မော်ဒယ်အတွက် $142,000 အထိ ကျသင့်မှာဖြစ်ပါတယ်.။ Tesla Model X ရဲ့ Gallery ကို အောက်မှာ ကြည့်နိုင်ပါတယ်.။
Written by: အောင်မွန်ချမ်း
Ref: The Next Web
No.1 Car Site in Myanmar
Model X Gallery