Full article

သီလဝါ စက်မှုဇုန်တွင် ဆူဇူကီး မြန်မာကုမ္ပဏီ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို အပြီးသတ် တည်ဆောက်ပြီးလျှင် မော်တော်ယာဉ်များကို ပြည်ပသို့ ထုတ်လုပ် တင်ပို့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲထွန်းဦးက ပြောကြားသည်။

Suzuki-Car-Work-shop

ဆူဇူကီး မြန်မာကုမ္ပဏီသည် ၂ဝ၁၃ နှစ်လယ်ခန့်မှ စတင်၍ စက်မှုဝန်ကြီးဌာနထံမှ မြေငှားရမ်းပြီး တောင်ဒဂုံ စက်မှုဇုန်တွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ၍ စက်ရုံ တည်ဆောက်ကာ မော်တော်ယာဉ်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။ ယခု တည်ဆောက်မည့် စက်ရုံသစ်သည် ယခင်စက်ရုံထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုများပြီး အင်ဂျင်အစိတ်အပိုင်း တပ်ဆင်သည့် လုပ်ငန်းများနှင့် အခြားလုပ်ငန်းသစ်များ တိုးချဲ့ကာ ပိုမိုအဆင့်မြင့် အောင်တည်ဆောက်မည် ဖြစ်ကြောင်း ဆူဇူကီးမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။ အဆိုပါစက်ရုံ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်သော်လည်း စက်မှုဇုန် အခြေအနေကြောင့် သာ စက်ရုံတည်ဆောက်မှု နှောင့်နှေးနေခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ယခင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် စာချုပ် သက်တမ်းပြည့်ခဲ့သည့်အတွက် ထုတ်လုပ်မှုကို ရပ်နားခဲ့ကာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် ပြန်လည်ထုတ်လုပ်ခွင့် ရရှိခဲ့သည်။

Ref: (The Voice Weekly)

Author