အထူးကုန်စည်ခွန်များ တိုးမြှင့်ကောက်ခံရန် သင့်/မသင့် ပြည်ထောင်စုလွှတ်တော်တွင်သာ အတည်ပြုမည်

0

Full article

မော်တော်ယာဉ်များ အင်ဂျင်ပါဝါအလိုက်ကောက်ခံနေသော အထူးကုန်စည်ခွန်များ တိုးမြှင့်ကောက်ခံရန် သင့်/မသင့်ကို လာမည့်ဘတ်ဂျက်နှစ်အတွင်း ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

၂ဝ၁၈ – ၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာတွင် ပြည်တွင်းသုံးယာဉ်များအားလုံးကို အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ တစ်ပြေးညီသတ်မှတ်ပေးရန် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြထားခဲ့ရာ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ အထူးကုန်စည်ခွန်ကို မူလအတိုင်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ စက်တင်ဘာ ၁၉ ရက်နေ့က အတည်ပြုထားရှိခဲ့သည်။

"လာမယ့် ၂ဝ၁၉ – ၂ဝ၂ဝ မှာ ပြန်ဆွေးနွေးဖို့တော့ရှိတယ်။ မော်တော်ယာဉ်တွေအတွက် ကောက်နေတဲ့ အထူးကုန်စည်ခွန်ဆိုတာက ဖြေလျော့ပေးဖို့တော့မရှိပါဘူး။ လွှတ်တော်မှာတင်ပြရင်တော့ အထူးကုန်စည်ခွန် တိုးကောက်မယ်/တိုးမကောက်ဘူးဆိုတာကိုတော့ အပြန်အလှန်ဆွေးနွေးပြီးမှပဲ အတည်ပြုဆုံးဖြတ်လို့ရမှာပါ။" ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များတွင် double cab 4 door pickup မှအပ ၂,ဝဝ၁ စီစီမှ ၄,ဝဝဝ စီစီ အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်စ်ဂွန်အမျိုးအစား မော်တော်ယာဉ်များ၊ coupe များကို အခွန် ၃ဝ ရာခိုင်နှုန်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားရှိထား၏။

နိုင်ငံအတွင်းသို့ ကုမ္ပဏီမျိုးစုံ၊ အမှတ်တံဆိပ်မျိုးစုံဖြင့် မော်တော်ကားများ ဖွင့်လှစ်ရောင်းချသည့် show room များစွာရှိနေပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ယခု သြဂုတ်လ ၂ဝ ရက်နေ့အထိ ပြည်ပမှ မှာယူတင်သွင်းလာသော မော်တော်ယာဉ် ၈၇ဝဝ စီးအပေါ်အခွန်စည်းကြပ်ခဲ့ရာတွင် ကျပ်သန်း ပေါင်း ၁၁၉၇.၈၄ သန်း ရရှိခဲ့ကြောင်းလည်းသိရသည်။

Author

Comments