ယာဉ်အမည်ပြောင်းခွန်ကောက်ခံခြင်းကို လျှော့ချကောက်ခံရန်ဆွေးနွေးထားမှု မရှိသေးဘဲ ယခုအတိုင်းသာ ပြည်တွင်းအခွန်မှ ဆက်လက်လုပ်ဆောင်သွားမည်

0

Full article

မော်တော်ယာဉ်အမည်ပြောင်းခွန် ကောက်ခံခြင်းကို လျှော့ချကောက်ခံရန် ဆွေးနွေးထားမှု မရှိသေးဘဲ ယခုအတိုင်းသာ ပြည်တွင်းအခွန်မှ အမည်ပြောင်းခွန် ဆောင်ရွက်မှုလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်၏ အခွန်ကောက်ဥပဒေအရ မော်တော်ယာဉ်များအတွက် အမည်ပြောင်းခွန် သတ်မှတ်ရာတွင် အခွန်နှုန်းထားများမှာ ကျပ်သိန်း ၃ဝဝ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ် သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,ဝဝဝ အထက် ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံနေလျက်ရှိရာ အမည်ပေါက်အခွန်မှာ သိန်း ၁၅ဝ တန်ကားတစ်စီးလျင် ၁၅သိန်း ကုန်ကျနေသည့်အတွက် အမည်ပြောင်းခွန် လာရောက်လုပ်ဆောင်မှု နည်းပါးနေသေးကြောင်းသိရသည်။

"အမည်ပြောင်းခွန်ပေးဆောင်တာကို အရင်အတိုင်းဘဲ အခွန်စိမ်းစာရွက်ထုတ်ပြီး ပြည်တွင်းအခွန်မှာ အရင်လိုဘဲ လုပ်ငန်းဆောင်ရွက်ပေးမှာပါ။ အမည်ပြောင်းခွန်ပေးဆောင်တာကလည်း အရင်အတိုင်းပါဘဲ၊ ကျပ်သိန်း ၃ဝဝ နဲ့အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်ကို ၂ဝ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁,ဝဝဝ အထက် ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံသွားမှာပါ။ အမည်ပြောင်းခွန်ကို လျှော့ပေးဖို့ ဆွေးနွေးထားတာတော့မရှိသေးပါဘူး။"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောဆိုခဲ့သည်။

မော်တော်ယာဉ်များ အမည်ပြောင်းခွန် ပေးဆောင်ခြင်းလုပ်ငန်းအား ကညန မှတ်ပုံတင်ပြုလုပ်ရာတွင် တစ်ပါတည်းလုပ်ဆောင်ပေးရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်ပြထားရှိကြောင်း သိရသည်။

မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ထားသူအမည်အား သွင်းကုန်ပါမစ်၊ အရောင်းစင်တာဝယ်ယူခွင့် လက်မှတ်တွင် ဖော်ပြပါရှိသည့် အမည်၊ နေရပ်လိပ်စာအတိုင်းသာ မှတ်ပုံတင်ပေးပါကြောင်း၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ သွက်လက်မြန်ဆန်၍ လာရောက်ဆောင်ရွက်နေသူများ ကျေနပ်နှစ်သက်စေရေးအတွက် လုပ်ငန်းလာရောက် ဆောင်ရွက်သူ၏ မှတ်ပုံတင် (သို့) နိုင်ငံသားစိစစ်ရေးကတ် (သို့) ဓါတ်ပုံပါရှိသော စိစစ်ရေးကတ်တစ်ခုခုကိုသာ စိစစ်၍ မိတ္တူရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဤဦးစီးဌာနမှ ထုတ်ပေးသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကမ(၃) စာမျက်နှာ(၁၃) သတိပြုရန် အချက်များတွင် အမည်နေရပ်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိကြောင်း၊ မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာဖြစ်ကြောင်း ဖော်ပြအသိပေးထားပြီးဖြစ်၍ ယာဉ်ပိုင်ရှင်မှန်ကန်စေရေးနှင့် နေရပ်လိပ်စာမှန်ကန်စေရေးအတွက် ယာဉ်မှတ်ပုံတင်ထားသူတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူရပြီး ယာဉ်လက်ဝယ်ပိုင်ဆိုင်သူသည်လည်း ယာဉ်မှတ်ပုံတင် အမည်ပေါက်သူအဖြစ် ဆောင်ရွက်ရန်တာဝန်ရှိသူ ဖြစ်ပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများမှ အမည်ပြောင်းလဲလိုပါက ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေပြီး ၄င်းဌာနမှထုတ်ပေးသည့် အခွန်ပုံစံ (၁) မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများအနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေးအခက်အခဲများ ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူအမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူများအား computerized system ဖြင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားပါကြောင်း၊ ရပ်ကွက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါကလည်း ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မည်ဖြစ်ပါကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

Author

Comments