Full article

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်အမျိုးအစား အလိုက် ယာဉ်မှတ်ပုံတင်ခများ လျှော့ချပေးသော်လည်း စလစ်ဈေး တက်၍ ကားဈေးကွက်မကျနိုင်ကြောင်း 'မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း'မှ စုံစမ်းသိရှိရသည်။

Tax

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှ ယာဉ်မှတ်ပုံတင်ခများကို လျှော့ချပေးသည့်အတွက် မော်တော်ယာဉ် တစ်စီးလျှင် ပျမ်းမျှ ငွေကျပ် ခြောက်သိန်းမှ သိန်း နှစ်ဆယ်အထိ ဈေးလျော့ကျလာနိုင်ကာ မော်တော်ယာဉ်ဈေးကွက်တွင် အဝယ်လိုက်လာနိုင်ပြီး ဈေးကွက်သွက်လာနိုင်ကြောင်း၊ သို့သော် လက်ရှိတွင် စလစ်ဈေးမှာ တဖြည်းဖြည်း မြင့်တက်နေသည့်အတွက် ဈေးကွက် သိသိသာသာ မကျနိုင်ကြောင်း သိရသည်။ "တချို့က ကားဈေးကွက် အကျဘက်ကို ဦးတည်မယ်လို့ ထင်နေကြတယ်၊ ကားဈေးက အခွန်၊ စလစ်နဲ့ ဂျပန်က တင်ဒါကို ကြည့်ရတာ၊ စလစ်ဈေးတက်ရင် ကားဈေးက တက်နေမှာပဲ၊ အခုဆို သိန်း ၁၂ဝ လောက် ဖြစ်သွားပြီ၊ ဈေးဆွဲချလို့ သိန်း ကိုးဆယ်လောက် ဖြစ်သွားရင်တော့ မသိဘူး၊ အခုက ခြုံကြည့်ရင် ၂ဝ ရာ ခိုင်နှုန်းလောက်ပဲ လျော့တာ၊ ဒီလိုလျှော့ချတာ ကောင်းပါတယ်၊ လျှော့ချလိုက်တော့ ဈေးကွက် ပြန်သွက်လာမယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး၊ လူလတ်တန်းစားနဲ့ အထက်တန်းပဲ ဝယ်နိုင်မှာ၊ အများကြီး သက်ရောက်ပြောင်းလဲ သွားတာတော့ ရှိမှာမဟုတ်ဘူး "ဟု အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာခန့်ဝင်းက သုံးသပ်ပြောကြားခဲ့သည်။ အလားတူ မင်္ဂလာဒုံမြို့နယ်မှ ဝါရင့် ကားဝယ်/ရောင်းတစ်ဦး ဖြစ်သူ ဦးကျင်ရွှေ က လည်း "မှတ်ပုံတင်ခကို ပြောင်းလဲလိုက်တော့ ၂ဝ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်၊ အရင်က ၁ဝဝ ရာခိုင်နှုန်းကို အခု ၈ဝ ရာခိုင်နှုန်းလောက်ပဲ ကောက်တော့မယ်၊ ကားဈေးကျသွားမယ်ဆိုတော့ အရင်က အေးနေတဲ့ ကားဈေးကွက်က ပြန်သွက်လာမှာပါ"ဟု ၎င်းအမြင်ကို ပြောသည်။ မော်တော်ယာဉ် အမျိုးအစား အလိုက် မူလတန်ဖိုး (FOB) ဈေးနှုန်းအပေါ် မှတ်ပုံတင်ခနှုန်းထား များကို ပြောင်းလဲကောက်ခံမှုတွင် အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ယာဉ်များအတွက် ယခင် ၅ဝ ရာခိုင်နှုန်းကို ယခု ၃ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၁၃၅၁ စီစီမှ ၂ဝဝဝ စီစီအထိ ယာဉ်များကို ယခင် ၈ဝ ရာခိုင်နှုန်းမှ ယခု ၅ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ ၂ဝဝဝ စီစီ မှ ၅ဝဝဝ စီစီ အထိ ယာဉ်များကို ယခင် ၁ဝဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လူနှင့်ကုန် နှစ်မျိုးစလုံး တင်ဆောင်နိုင်သော Pick-up ၊ Double Cab ကားများ ကို ယခင်က အင်ဂျင်ပါဝါအလိုက် ၅ဝ မှ ၈ဝ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သော်လည်း ယခု ၄ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ Pick-up ၊ Light Truck ၊ Truck ကားများ၊ ခရီးသည်တင်ယာဉ် ၁ဝ ဦးနှင့်အထက်(Bus ၊ Mini Bus ၊ Micro Bus) ယာဉ်များအတွက် မူလအတိုင်း ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကာ အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအထက် ယာဉ်များအတွက် မူလအတိုင်း ၁၂ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author