နယ်လိုင်စင်ကားများ မြို့အဝင်အထွက် တိုးဂိတ်များတွင် အခွန်ကောက်ခံသည့် စနစ်လုပ်ဆောင်မည်

0

Full article

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော နယ်လိုင်စင်ကားများ မြို့အဝင်အထွက် တိုးဂိတ်များတွင် အခွန်ကောက်ခံသည့် စနစ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံက သိရသည်။

ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော နယ်လိုင်စင် တက္ကစီများအတွက်လည်း မြို့အဝင်အထွက်ဂိတ်များတွင် အခွန်ကောက်ခံသွားမည့် စနစ်ကို မကြာခင် ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

" ရန်ကုန်မှာ ရန်ကုန်လိုင်စင်ကားပဲဆွဲတာ ဖြစ်ရမှာ။ ဒါပေမယ့် သီးခြားလုပ်ဆောင်ဖို့ အဖက်ဖက်က စဉ်းစားနေပါတယ်။ရန်ကုန်မှာ နယ်လိုင်စင်တက္ကစီတွေက တစ်အားများနေတယ်။ ဒီဟာတွေကို စိစစ်ဖို့အတွက် မြို့အဝင်အထွက်ဂိတ်တွေလို နေရာတွေမှာ အခွန်ကောက်ခံတာကို လုပ်သွားဖို့ရှိတယ်။ ပြေးဆွဲသွားလာနေတာကို စနစ်တကျဖြစ်အောင် မဖြစ်မနေလုပ်ရမှာပါ" ဟုရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့ဝင်ကြေးများကို လေလံဆွဲကာ ကောက်ခံလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပရှိ မြို့နယ်များတွင် အဆင့်မြင့်မြို့ဝင်ဂိတ်များ ဆောက်လုပ်ပြီးပါက ယင်းဂိတ်ကမှတဆင့် ဖြတ်သန်းသွားလာသည့် ယာဉ်များကို လုံခြုံရေးအရ ပိုမိုစစ်ဆေးခွင့်ရမည်ဖြစ်ကြောင်းသိရပါသည်။

မြို့ဝင်ဂိ်တ်များ ဆောက်လုပ်မှုကို ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ဝင်ဂိတ်တစ်ဂိတ်ကို ကျပ် သိန်း ၅ဝဝ ကျော်မှ ကျပ်သိန်း ၉ဝဝ ကျော်လောက် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားရာ ခန့်မှန်းခြေ စုစုပေါင်း သိန်း ၇ဝဝဝ ကျပ် ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ပြင်ပမြို့နယ်၁၁မြို့နယ်ဖြစ်သည့် မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊သုံးခွ၊ တွံတေး၊ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ် တို့တွင် မြို့အဝင် တိုးဂိတ်တစ်ခုစီဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

Regulation

Author